




၂၀.၁၀.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရွှေတွင်းလုပ်ကွက်တစ်ခုတွင် ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက် ၄ နာရီခန့်က ရွှေတွင်းပြိုကျရာမှ အမျိုးသားနှစ်ဦး သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကြက်ခြေနီအသင်းထံမှ သိရသည်။
ရွှေတွင်းပြိုကျမှုမှာ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ တောင်ပဲ့ကျေးရွာအနီးရှိ ရွှေတွင်းဟောင်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၁၅ ဦးအနက် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ညာဘက်ပေါင်ပြတ် ဒဏ်ရာများနှင့် အခြားအမျိုးသားတစ်ဦး စုစုပေါင်း နှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်၍ အသက်အန္တရာယ်စိုးရိမ်ရသူ နှစ်ဦးနှင့် အသက်အန္တရာယ် မစိုးရိမ်ရသည့် ဒဏ်ရာရရှိသူ ငါးဦး ရှိကြောင်း သိရသည်။
ရွှေတွင်းပြိုကျမှုနေရာသို့ ကလောမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှကြက်ခြေနီစေတနာ့ဝန်ထမ်းများက ထိခိုက်ဒဏ်ရသူများကို ရှေးဦးသူနာပြုစုခြင်းများ လုပ်ဆောင်ခဲ့ပြီး ကလောမြို့နယ်ပြည်သူ့ဆေးရုံသို့ကြက်ခြေနီ အသင်းပိုင်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
