

၂၀. ၁၀. ၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာအပိုင် ရထားသံလမ်း မိုင်တိုင် ၁၆ နှင့် ၁၇ အကြားတွင် ယနေ့ (အောက်တိုဘာလ ၂၀ ရက်) နံနက် ၃ နာရီခန့်က အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ခဲ့သည့် လောကအလင်း လူမှုကူညီကယ်ဆယ်ရေး အသင်းထံမှ သိရသည်။
“သီလဝါကနေ စက်ခေါင်းပြန်လာတဲ့ အချိန်မှာ ဖြစ်သွားတာလို့ ရထားတာဝန်ရှိသူတွေက ခန့်မှန်းကြတယ်”ဟု လောကအလင်း လူမှုကူညီကယ်ဆယ်ရေး အသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
သေဆုံးသူ အမျိုးသားမှာ အသက် ၂၈ နှစ်အရွယ် ကိုအောင်သူဖြစ်ပြီး မိသားစုထံ အလည်လာသူဖြစ်ကာ ရထားကြိတ်ခံရသောကြောင့် ဘယ်ဘက်လက်ပြတ်ထွက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၅ နာရီခန့်တွင် ရထားသံလမ်းအနီးနေသူတစ်ဦးက ရထားကြိတ်ခံရသော အမျိုးသားတစ်ဦးကို တွေ့ရှိသည်ဟု သတင်းပေးပို့သဖြင့် ရထားကြိတ်ခံရသည့် ရုပ်အလောင်းကို လောကအလင်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှ အသင်းဝင် ၅ ဦးက သန်လျင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အမိုးနီသုသာန်သို့ ဆက်လက်ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
