သက်တံ့
၂၀. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဥတ္တရာဒိတ်ခရိုင်၊ ဖီချိုင်း (Phichai) ဆေးရုံရှိ သစ်သားဝန်ထမ်းအိမ်ရာတစ်ခု ယနေ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် အသက် ၄၈ နှစ်အရွယ် သူနာပြုအမျိုးသမီးတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုသည် ဖီချိုင်းဆေးရုံရှိ ဆေးရုံဝန်ထမ်းအိမ်ရာတွင် အောက်တိုဘာ ၂၀ ရက် နံနက် ၆ နာရီခန့်က စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုဖြစ်စဉ်နေရာသို့ အင်းမောင်း (In Mueang) မြူနီစီပယ်၊ အင်းမောင်းနှင့် ဘန်မိုး (Ban Mo) ခရိုင်ခွဲ အုပ်ချုပ်ရေးအဖွဲ့တို့မှ မီးသတ်ယာဉ်များအပြင် ခိုးရွမ် (Kho Rum) ကယ်ဆယ်ရေးအဖွဲ့တို့လည်း ကူညီငြှိမ်းသတ်ရန် ရောက်ရှိလာခဲ့ကြသည်။
အဆိုပါ အဆောက်အအုံမှာ အခန်းလေးခန်းပါရှိသည့် သစ်သားအဆောက်အအုံတစ်ခု ဖြစ်သည်။ မီးသတ်သမားများနှင့် ရေတင်ကားများက မီးငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းခဲ့ကြရာ တစ်နာရီခန့်အကြာတွင် မီးကို ထိန်းချုပ်နိုင်ခဲ့သည်။
ကနဦးစစ်ဆေးချက်အရ ဖီချိုင်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေပြီး ဥတ္တရာဒိတ်ခရိုင်၊ သောင်းစိန်ခန် (Thong Saen Khan) မြို့နယ်မှဖြစ်သော အသက် ၄၈ နှစ်အရွယ် ကျွမ်းကျင်သူနာပြုအမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို မီးလောင်ထားသော အခန်းတစ်ခုအတွင်း တွေ့ရှိခဲ့ရသည်။
ဖီချိုင်းရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူးများနှင့် ဥတ္တရာဒိတ်ခရိုင် ရဲတပ်ဖွဲ့မှုခင်းဆေးပညာဌာနမှ မှုခင်းဆေးပညာအရာရှိများက သက်သေအချက်အလက်များ ကောက်ယူရန်နှင့် မီးလောင်ရသည့်အကြောင်းရင်းကို ဖော်ထုတ်ရန်အတွက် အဆိုပါနေရာကို ကန့်သတ်ကာ လုံခြုံရေးယူထားခဲ့ကြသည်။
မီးလောင်ကျွမ်းစေခဲ့သည့် အကြောင်းရင်းကို တာဝန်ရှိသူများက ယခုအချိန်အထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
Ref: Thaiger
