သက်တံ့
၁၉-၁၀-၂၀၂၆
တရားမဝင် ထိုင်းလုပ်သားတစ်ဦး၏ စအိုအတွင်းသို့ လေဖိအားပေးသေနတ် (Air Gun) ထိုးသွင်းကာ လေမှုတ်သွင်းပြီး အပြင်းအထန် ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သည့် တောင်ကိုရီးယား စက်ရုံပိုင်ရှင်အား ထောင်ဒဏ် ၃ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ပြီး ၎င်း၏ ဇနီးဖြစ်သူအပေါ် စွဲဆိုထားသော စွပ်စွဲချက်ကိုမူ ပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။
ယွန်ဟပ် (Yonhap) သတင်းဌာန၏ ဖော်ပြချက်အရ ဆူဝန်ခရိုင်တရားရုံးသည် သံထည်ဆေးကြောရေး စက်ရုံပိုင်ရှင်အား အလုပ်သမားတစ်ဦးကို အကြမ်းဖက်စော်ကားမှု၊ အလုပ်သမားစံချိန်စံညွှန်းဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုတို့ဖြင့် ကြာသပတေးနေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
စက်ရုံပိုင်ရှင်နှင့် ထိုင်းအလုပ်သမား၏ အမည်များကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ ကျူးလွန်သူ တောင်ကိုရီးယား အမျိုးသားမှာ အသက် ၆၀ ကျော်အရွယ်ဖြစ်ပြီး ထိုင်းအလုပ်သမားမှာ အသက် ၄၀ ကျော်အရွယ် ဖြစ်သည်။ စက်ရုံမှာ ဆိုးလ်မြို့၏ တောင်ဘက် ကီလိုမီတာ ၆၀ အကွာရှိ ဂျောင်ဂီပြည်နယ်၊ ဟွာဆောင် (Hwaseong) မြို့တွင် တည်ရှိသည်။
အဆိုပါ ကိုယ်ထိလက်ရောက် စော်ကားမှုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ Air Gun ၏ လေဖိအားပေး ပိုက်ခေါင်းကို အလုပ်သမား၏ စအိုအတွင်းသို့ ထိုးသွင်းကာ ၇ စက္ကန့်ကြာ ခလုတ်နှိပ်ခဲ့သဖြင့် ပြင်းထန်သော ပြင်ပလေဖိအားမှာ ဝမ်းခေါင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး အတွင်းအင်္ဂါနှင့် အူလမ်းကြောင်း ပေါက်ပြဲကာ အဆိုပါ ထိုင်းအလုပ်သမားမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယား တရားဝင်သတင်းဌာနက ဖော်ပြသည်။ ထို့နောက် အဆိုပါ အလုပ်သမားသည် ပြည်နယ်မြို့တော် ဆူဝန်ရှိ ဆေးရုံတစ်ခုတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။
စက်ရုံပိုင်ရှင်ကမူ အလုပ်သမားအား ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်မရှိဟု ဆိုကာ စွပ်စွဲချက်များကို ငြင်းဆိုပြီး တရားရင်ဆိုင်ခဲ့သည်။
အလုပ်ရှင်ဖြစ်သူသည် ဗီဇာသက်တမ်းလွန်နေသည့် အဆိုပါ ထိုင်းအလုပ်သမားကို ဆေးရုံသို့ ပို့ဆောင်ပေးခြင်းမရှိဘဲ မိခင်နိုင်ငံသို့ ပြန်ပို့မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသောကြောင့် အဆိုပါအမှုမှာ တောင်ကိုရီးယား တစ်နိုင်ငံလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
ယခင် Bangkok Post သတင်းဖော်ပြချက်တစ်ခုအရ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် (Lee Jae Myung) ကိုယ်တိုင် အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။
စက်ရုံပိုင်ရှင်သည် ထိုင်းအလုပ်သမား၏ ဆေးကုသစရိတ်ကိုလည်း ၎င်း၏ လုပ်ခလစာထဲမှ နှုတ်ယူခဲ့ကြောင်း တရားရုံးက ပြောကြားခဲ့သည်ဟု ယွန်ဟပ်သတင်းတွင် ပါရှိသည်။
တရားရုံးက စက်ရုံပိုင်ရှင်၏ ဇနီးဖြစ်သူအပေါ် စွဲဆိုထားသော စွပ်စွဲချက်များကိုမူ ပယ်ဖျက်ပေးခဲ့သည်။ ၎င်း၏ဇနီးသည် အခင်းဖြစ်ပွားသည့်နေ့တွင် အလုပ်သမားအား ပြည်နှင်ဒဏ်ပေးရန် ရဲထံအပ်နှံမည်ဟု အရိပ်အမြွက်ပြောဆိုကာ ခြိမ်းခြောက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်။
Ref: Bangkok Post
