နေမိုး
၁၉. ၁၀.၂၀၂၆
နောင်ချိုမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၀၆၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဥ်မှာ အောက်တိုဘာလ ၁၆ ရက် နေ့လယ် ၃ နာရီ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာအနီးတွင် မိုင်းရယ်မှ မန္တလေးသို့ မျိုးသန့်ထက်(ခ)မျိုးကြီး မောင်းနှင်ပြီး ခတ္တာဖူး လိုက်ပါလာသည့် HINO VAN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၄၄ သိန်း(ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂ ဘီလီယံ)၊ ဘိန်းညိုမှုန့် အလေးချိန် ၁၆၀ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၀ ဒသမ ၈ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား ဖမ်းမိခဲ့သည်။

အလားတူ ယင်းနေ့ ည ၆ နာရီခွဲအချိန် အဆိုပါနေရာ၌ သီပေါမှ နောင်ချိုသို့ စိုင်းညွန့်ဆွေ မောင်းနှင်ပြီး စိုင်းအောင်ပွင့် လိုက်ပါလာသည့် MITSUBISHI CANTER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၁ ဒသမ ၃ သိန်း(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၅၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မျိုးသန့်ထက်(ခ)မျိုးကြီး(၃၄)နှစ်၊ ခတ္တာဖူး၊ စိုင်းညွန့်ဆွေ(၂၈)နှစ် နှင့် စိုင်းအောင်ပွင့်(၃၁)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
