သက်တံ့
၁၈. ၁၀. ၂၀၂၆
ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာ (Makkah) မြို့ရှိ ဗလီကျောင်းဆောင်တစ်ခုအတွင်း “လိင်ပိုင်းဆိုင်ရာ မလျော်ကန်သော ပြုမူနေထိုင်မှု” ကျူးလွန်ခဲ့ကြောင်း ပြစ်ဒဏ်ထင်ရှားတွေ့ရှိရသည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ကွပ်မျက်လိုက်ကြောင်း ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဒေသတွင်း သတင်းမီဒီယာများက အတည်ပြု ထုတ်ပြန်ခဲ့သည်။
ကွပ်မျက်ခံရသူနှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်ကြသည့် နာဇီရူးလ် အစ္စလာမ် အဘဒူလ် ဘာဆီးရ် (Nazerul Islam Abdul Basir) နှင့် အမျိုးသမီးဖြစ်သူ စီတီ အက်ခ်တာ (Siti Akhtar) တို့ ဖြစ်ကြသည်။
ထိုစုံတွဲသည် သန့်ရှင်းမြင့်မြတ်သော မက္ကာမြို့ရှိ ဗလီအတွင်း အဆိုပါ မလျော်ကန်သော ပြုမူမှုကို ကျူးလွန်ခဲ့ကြသဖြင့် လုံခြုံရေးအာဏာပိုင်များက ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းကာ သေချာစွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ တရားဝင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
တရားရုံးက ၎င်းတို့ ပြုလုပ်ခဲ့သည့် လုပ်ရပ်၏ ပြင်းထန်ကြီးလေးမှုနှင့် အချိန်အခါနှင့် နေရာတို့၏ သန့်ရှင်းမြင့်မြတ်မှုကို အလေးမထား ပြစ်မှားကျူးလွန်မှုတို့ကို ထောက်ရှု၍ အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့သည်။ ထို့ကြောင့် ၎င်းတို့အား အစ္စလာမ်ဥပဒေလာ လွတ်လပ်စွာ အပြစ်ပေးနိုင်သော တားဇီယာ (Ta’zir – သန့်ရှင်းမြင့်မြတ်သော နေရာနှင့် စည်းကမ်း ချိုးဖောက်မှုများအတွက် တရားသူကြီး၏ သီးခြားဆုံးဖြတ်ခွင့်အရ သေဒဏ်အထိ စီရင်နိုင်သည့် ပြစ်ဒဏ်) နည်းလမ်းဖြင့် သေဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တရားရုံးစီရင်ချက်ကို အယူခံခုံရုံးများက ထပ်မံအတည်ပြုခဲ့ပြီးနောက် အစ္စလာမ်ရှာရီယာ ဥပဒေနှင့်အညီ ပြစ်ဒဏ်ဆောင်ရွက်ရန် ဘုရင့်အမိန့်တော် ပြန်တမ်း (Royal Order) ထုတ်ပြန်ခဲ့သည်။ သေဒဏ်စီရင်မှုကို အောက်တိုဘာလ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) တွင် မက္ကာဒေသ၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ သေဒဏ်ပေးခဲ့သော်လည်း တရားဝင် ထုတ်ပြန်ချက်တွင် အဆိုပါ လုပ်ရပ်၏ တိကျသေချာသော သဘောသဘာဝ၊ ဖြစ်ပွားခဲ့သည့် ဗလီနှင့် ဖမ်းဆီးခဲ့သည့် အချိန်ကာလ အသေးစိတ်တို့ကိုမူ ဖော်ပြထားခြင်း မရှိဘဲ ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရားရုံး၏ ထုတ်ပြန်ချက်တွင် “ဗလီ၏ သန့်ရှင်းမြင့်မြတ်မှုကို ပြင်းထန်စွာ ချိုးဖောက်သည့် မလျော်ကန်သော ရာဂဆိုင်ရာ အပြုအမူ (Immoral act)” ဟုသာ ဖော်ပြထားသည်။ လူမှုကွန်ရက်သတင်းအချို့တွင် ထိုစုံတွဲမှာ ဗလီအတွင်း လက်တွဲမှုဖြင့် ကွပ်မျက်ခံရသည်ဟု ရေးသားကြသလို အဆိုပါ ကွပ်မျက်မှုနှင့် ပတ်သက်၍ ဆော်ဒီအာရေဗျဘက်မှ မိမိတို့ထံ ကြိုတင်အကြောင်းကြားခဲ့ခြင်း မရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားခဲ့သည်။
ဂျဒ်ဒါ (Jeddah) မြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားဝင် အကြောင်းပြန်ကြားပေးရန် ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးဌာနထံ သံတမန်ရေးရာ စာလွှာ (Note Verbale) စေလွှတ်၍ တရားဝင် တောင်းဆိုထားကြောင်း The Daily Star သတင်းစာတွင် ဖော်ပြထားသည်။
ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆော်ဒီအာရေးဗီးယား အစိုးရအနေဖြင့် နိုင်ငံ၏ လုံခြုံရေးကို ထိန်းသိမ်းရန်၊ တရားမျှတမှုကို တည်ဆောက်ရန်၊ ဗလီကျောင်းများနှင့် မြင့်မြတ်သော နေရာများ၏ ဂုဏ်သိက္ခာကို ချိုးဖောက်သူ မည်သူမဆို (ဆော်ဒီနိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ) ပေါ်တွင် အစ္စလာမ် ရှာရီယာဥပဒေအတိုင်း ပြတ်ပြတ်သားသား အရေးယူရန် သန္နိဋ္ဌာန်ချထားကြောင်း ဖော်ပြထားသည်။ ထို့ပြင် မည်သူမဆို ယခုကဲ့သို့ ပြစ်မှုမျိုး ကျူးလွန်ရန် ကြံစည်ပါက ထိရောက်သော ပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည်ဟု သတိပေးထားသည်။
လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Sanad ၏ အစီရင်ခံစာများအရ ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ယခုနှစ် (၂၀၂၆) အတွင်း၌ပင် ‘တားဇီယာ်’ (Ta’zir) ပြစ်ဒဏ်ဖြင့် သေဒဏ်ပေးမှုပေါင်း ၁၇၁ မှုထက်မနည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ Amnesty International ၏ ကိန်းဂဏန်းများအရ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ ဆော်ဒီတွင် လူပေါင်း ၁,၈၁၆ ဦး သေဒဏ်စီရင်ခံခဲ့ရကြောင်း သိရသည်။
Ref: Hindustan Times, Indian Express, CNN, Gulf News & Ajel
