

နေမိုး
၁၇. ၁၀. ၂၀၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ တွဲကားယာဉ်မှ မော်တော်ဆိုင်ကယ်အား ကျော်တက်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တွဲကားယာဥ်မောင်းအား အမှူဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာ ၁၆ ရက် နံနက် ၁၁ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၃၅ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပျဉ်းမနားမြို့မှ တပ်ကုန်းမြို့ဘက်သို့ ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာနေ ဦးမောင်မောင်နိုင်(၅၀)နှစ် မောင်းနှင်သည့် YGN-33/4S-XXXX FUSO အမျိုးအစား ၂၂ ဘီး မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လားရာတူရှေ့မှ ပျဉ်းမနားမြို့နယ်၊ မြို့ဦး ရပ်ကွက်နေ ကောင်းထက်အောင်(၂၃)နှစ် မောင်းနှင်ပြီး မန္တလေးမြို့၊ အောင်ပင်လယ်ရပ်ကွက်နေ ချမ်းမြေ့အောင်(၂၈)နှစ် လိုက်ပါလာသည့် MDY/76W-XXXX Honda 150 Click အမျိုးအစား မော်တော်ဆိုင်ကယ်အား ကျော်တက်မောင်းနှင်စဉ် ဆိုင်ကယ်အား ပွတ်ချိတ်တိုက်မိခဲ့သဖြင့် ချမ်းမြေ့အောင်သည် လမ်းဘေးသို့ လွင့်စင်ကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကောင်းထက်အောင်မှာ မော်တော်ယာဉ်၏ ယာဘက်ဘီးအောက်သို့ ရောက်ရှိကြိတ်မိခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုကြောင့် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရအောင် ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်သူ မောင်မောင်နိုင် အား ရွှေတွင်းကုန်းမြို့မရဲစခန်းယာဉ်(ပ)၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
