

နေမိုး
၁၇. ၁၀. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ YBS မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ စက်ဘီးအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သဖြင့် ယာဥ်မောင်းအား ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာ ၁၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၊ ရန်ကုန်-ပြည်သွားကားလမ်းမ၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-ပြည်သွားကားလမ်းအတိုင်း မြောက်မှတောင်သို့ မှော်ဘီမြို့နယ်၊ ကျွန်းကျောင်းကျေးရွာနေ ဦးလှကျော်ဆန်း(၄၆)နှစ် မောင်းနှင်သည့် YGN-17 XXX YUTONG BUS အမျိုးအစား YBS ခရီးသည်မော်တော်ယာဉ်သည် အခင်းဖြစ်နေရာရောက်၌ လားရာတူရှေ့မှ မှော်ဘီမြို့နယ်နေ ဒေါ်စန်းစန်းမိုး(၅၉)နှစ် စီးနင်းနေသည့် စက်ဘီးအား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်မိမှုကြောင့် ဒေါ်စန်းစန်းမိုးတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့၍ ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်သူ လှကျော်ဆန်း အား မှော်ဘီမြို့မရဲစခန်း ယာဉ်(ပ) ၃၀/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က /၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
