

၂၀.၁၀.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်အစိုးရနှင့် ယူကရိန်းအစိုးရတို့အကြား ဆက်ဆံရေးက မပြေမလည် ပိုမိုဆိုးရွားလာချိန်တွင် ပင် ဥရောပမဟာမိတ်များက ယူကရိန်းအတွက် ငွေပေးချေပြီးဖြစ်သည့် လေကြောင်းရန်ကာကွယ်ရေး ပက်ထရီယော့ ဒုံးကျည်များ ပေးပို့မှုကို အမေရိကန်ပြည်ထောင်စုက နှောင့်နှေးစေခဲ့သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက အောက်တိုဘာလ ၁၉ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။
ရုရှား၏ တိုက်ခိုက်မှုများမှ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် ယူကရိန်းအတွက် အရေးပါသည့် ဒုံးကျည်များ ပေးပို့မှုကို အမေရိကန်အစိုးရက နှောင့်နှေးစေသည်ဟု ယူကရိန်းသမ္မတက စွပ်စွဲပြောဆိုခဲ့ခြင်းဖြစ်သည်။
ဇယ်လန်စကီးက အမေရိကန် အထက်လွှတ်တော်အမတ်များအား ပြောကြားခဲ့ရာတွင် ယူကရိန်း၏ ဥရောပမဟာမိတ်များက ငွေပေးချေပြီးဖြစ်သော်လည်း “ပင်တဂွန် (အမေရိကန်ကာကွယ်ရေးဌာန) က ဒုံးကျည်များ ပေးပို့မှုကို နှောင့်နှေးစေနေသည်” ဟု ဆိုခဲ့ကြောင်းလည်း သိရသည်။
ယူကရိန်းနှင့် အမေရိကန်တို့အကြား ဆက်ဆံရေး တင်းမာနေချိန်တွင် ယခုကဲ့သို့ စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် က ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို လျှော့ချပေးခဲ့သလို၊ ဇယ်လန်စကီးကိုလည်း တိုက်ရိုက်ဝေဖန်ခဲ့ပြီး ၎င်း၏နေရာတွင် အခြားသူတစ်ဦး အစားထိုးဝင်ရောက်သင့်ကြောင်း ပြောဆိုခဲ့သည်။
အမေရိကန်ဘက်က ဒုံးကျည်များကို ထိန်းသိမ်းထားကြောင်း၊ ဒုံးကျည်အသုတ်တစ်ခု ပေးပို့ရန်အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီ့တ် ဟက်ဆက်သ်၏ လက်မှတ်ရေးထိုးမှုကိုသာ စောင့်ဆိုင်းရခြင်း ဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။
ထို့အပြင် ယူကရိန်း၏ ဥရောပမဟာမိတ်များက ၎င်းတို့ပိုင် ပက်ထရီယော့ ဒုံးကျည်အချို့ကို ပေးအပ်ရန် သဘောတူညီထားသော်လည်း၊ ယင်းကိစ္စမှာလည်း အမေရိကန်ဘက်မှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေ ရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒုံးကျည်တွေက အဆင်သင့်ဖြစ်နေပါပြီ၊ အခုဆိုရင် ယူကရိန်းကို ရောက်နေလောက်ပါပြီ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ခွင့်ပြုချက်ကတော့ မရသေးပါဘူး။” ဟု ဇယ်လန်စကီးက ပြောခဲ့သည်။
ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုများ ဖြစ်လာတော့မည်ဆိုပါက ကြိုတင်သတိပေးချက် တစ်စုံတစ်ရာ ထပ်မံမရရှိခဲ့ကြောင်းလည်း ၎င်းက အောက်တိုဘာလ ၁၉ ရက်အစောပိုင်းတွင် ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံသည် ရုရှားက ပစ်ခတ်လိုက်သည့် အရှိန်အဟုန်ပြင်းသော တိုက်ချင်းပစ်ဒုံးကျည်များကို ရှာဖွေဖော်ထုတ်နိုင်ရန် အမေရိကန်၏ ထောက်လှမ်းရေးစွမ်းရည်အပေါ် မှီခိုအားထားနေရသည်။
အီလွန်မာ့စ်ခ် ၏ Space X ကုမ္ပဏီက ဖန်တီးထားသည့် စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက် Starshield နှင့် ပတ်သက်သည့် ကန့်သတ်ချက်များအပေါ် စိုးရိမ်ပူပန်မှုများလည်း ယူကရိန်းအစိုးရအနေဖြင့် မြင့်တက်လာနေသည်။ ယူကရိန်းစစ်တပ်၏ ဆက်သွယ်ရေးနှင့် ဒရုန်းစစ်ဆင်ရေးများသည် Starshield မှ ရရှိသည့် အချက်အလက်များကို အသုံးပြုခြင်းအပေါ် မူတည်နေသည်။
Starshield ကို အသုံးပြုခွင့်ရရှိရေးအပေါ် အမေရိကန်အစိုးရက ထိန်းချုပ်ထားသော်လည်း၊ ကန့်သတ်ချက် တစ်စုံတစ်ရာ ချမှတ်ရန် ညွှန်ကြားခဲ့ခြင်းမရှိကြောင်း သမ္မတ ထရမ့်ပ်က ငြင်းဆိုထားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း ယူကရိန်းအစိုးရနှင့် ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်များ မျှဝေခြင်းကို အမေရိကန်အနေဖြင့် ရပ်ဆိုင်းထားခြင်း မရှိကြောင်း အလေးအနက် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်ပ့်က ယူကရိန်း အစိုးရအဖွဲ့သည် ကျေးဇူးမသိတတ်ကြောင်း ၎င်း၏ ယခင်က ပြောဆိုခဲ့ဖူးသည့် စွပ်စွဲချက်များကို အောက်တိုဘာလ ၁၉ ရက်တွင် ထပ်လောင်း အလေးပေး ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ယူကရိန်းကို အများကြီး ပေးခဲ့ပြီးပါပြီ။ သူတို့ကတော့ ကျွန်တော်တို့ကို ဘာမှ ပြန်မပေးခဲ့ပါဘူး။ ဒါကို မှတ်ထားကြပါ” ဟု ထရမ့်ပ်က ဝါရှင်တန်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများကို လျှော့ချပေးခြင်းနှင့် အမေရိကန်နှင့် ရုရှားတို့အကြား ဒီဇယ်ဆီ သဘောတူညီချက် ရယူခြင်းတို့နှင့် ပတ်သက်၍ ဇယ်လန်စကီးက ဝေဖန်ပြောဆိုခဲ့သည့်အပေါ် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။
ထရမ့်ပ်က “ဇယ်လန်စကီးဟာ သူဘာပြောနေမှန်းတောင် သိပုံမရပါဘူး။ တကယ်ပြောရရင်တော့ ရုရှားနဲ့ ယူကရိန်းကိုယ်စား ညှိနှိုင်းဆွေးနွေးဖို့ တခြားလူတစ်ယောက်ယောက်ကို အစားထိုးသင့်တဲ့ အချိန်ရောက်ပြီလို့ ကျွန်တော် ထင်ပါတယ်။” ဟု ဝေဖန်မှု ပြုသွားခဲ့သည်။
Ref-AFP
