



၂၀.၁၀.၂၀၂၆
Translated by Htwe Ko Tun
ဥရောပနိုင်ငံအချို့တွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတို့ကို အကြောင်းခံ၍ ပြည်သူများက မကျေမနပ် ဆန္ဒပြမှုများဖြစ်ပွားနေရာမှ အကြမ်းဖက်ဆူပူအုံကြွမှုများလည်း ဖြစ်ပွားလျက်ရှိရာ အယ်လ်ဘေးနီးယားနိုင်ငံအတွင်း ဆန္ဒပြမှုများမှာလည်း အောက်တိုဘာလ ၁၉ ရက်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ခုနစ်ရက်ဆက်တိုက် ထိပ်တိုက် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်အထိ ပြင်းထန်လာကြောင်း သိရသည်။
ဆန္ဒပြသူအများစုမှာ အထက်တန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြပြီး ၎င်းတို့က လက်ရှိကာလတွင် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ဝန်ကြီးချုပ် အက်ဒီရာမာကို ရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းနေကြသည်။ အောက်တိုဘာလ ၁၉ ရက်က ဖြစ်ပွားခဲ့သည့ဆန္ဒပြပွဲ အကြမ်းဖက်မှုများ မတိုင်မီအထိ လူပေါင်း ၂၉၅ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ၎င်းတို့အနက် ၁၈၆ ဦးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း တရားဝင် ကိန်းဂဏန်းများအရ သိရသည်။
အောက်တိုဘာလ ၁၈ ရက်က က ရဲတပ်ဖွဲ့ထံ ပစ်ခတ်ခံခဲ့ရသည့် ကျောက်တုံးတစ်တုံးကို ကိုင်မြှောက်ပြရင်း၊ မျက်နှာထား တင်းမာနေသော ရဲအရာရှိကြီးများကို ဝန်ကြီးချုပ် ရာမာက “အစိုးရအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်လိုက်တာနဲ့ တစ်ပြိုင်နက် အစိုးရယန္တရား ပြိုလဲသွားပြီလို့သာ မှတ်ယူရမှာပါ” ဟု ပြောကြားခဲ့သည်။
တက္ကသိုလ်များတွင် ပိုမိုကောင်းမွန်သော အခြေအနေများ ရရှိရေး တောင်းဆိုမှုများ၊ အကျင့်ပျက် ခြစားမှု အပေါ် ဒေါသထွက်မှုများနှင့် ဝန်ကြီးချုပ် ရာမာ ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများကြောင့် ဖြစ်ပေါ်လာသည့် ဤဆန္ဒပြပွဲများအတွင်း မြို့တော်တီရာနာရှိ ရဲစခန်းတစ်ခုနှင့် အစိုးရ အဆောက်အအုံများ တိုက်ခိုက်ခံခဲ့ရသည်။
ဆန္ဒပြသူများထဲတွင် “ဥရောပနှင့် အမေရိကန်ရှိ မကောင်းသော အင်အားစုများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် အစွန်းရောက်လာကြသည့် လူငယ်အမျိုးသား၊ အမျိုးသမီးများ” ပါဝင်နေကြောင်း ရာမာက ပြောကြားခဲ့သည်။ “အယ်လ်ဘေးနီးယားနိုင်ငံသည် စနစ်တကျ စီစဉ်ထားသော တိုက်ခိုက်မှုတစ်ခု၏ ပစ်မှတ်များထဲမှ တစ်ခု ဖြစ်လာခဲ့ပြီ” ဟုလည်း ၎င်းက ဆိုသည်။
ဆန္ဒပြသူများက ရဲတပ်ဖွဲ့၏ ကြမ်းတမ်းသော နှိမ်နင်းမှုများကို မကျေမနပ်ဖြစ်နေသကဲ့သို့၊ ရဲတပ်ဖွဲ့ဝင်များကလည်း ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်များအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများအတွက် အလွန်ဒေါသထွက်နေပုံရသည်။ ရလဒ်မှာ ရှုပ်ထွေးပွေလီပြီး ဆိုးရွားသည့် အခြေအနေမျိုး ဖြစ်ပေါ် လာရသည်။
ရာမာ အာဏာရရှိလာခဲ့သည်မှာ ၁၃ နှစ် ရှိပြီဖြစ်ပြီး၊ ရာစုနှစ်အကူးအပြောင်း ကာလကတည်းက အယ်လ်ဘေးနီးယားနိုင်ငံရေးလောကတွင် ဩဇာကြီးမားသူတစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းက ၂၀၃၀ ပြည့်နှစ်တွင် အယ်လ်ဘေးနီးယားနိုင်ငံကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေမည်ဟု ကတိပြုထားပြီး၊ ဤအရာကို အကောင်အထည်ဖော်ပေးနိုင်မည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ မိမိသာဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
Ref-Yahoo
