သက်တံ့
၂၀. ၁၀. ၂၀၂၆
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ကုလိုင်ဘီဆာ (Kulai Besar) ရှိ ဘင်္ဂါလီဒုက္ခသည်များ အခြေချနေထိုင်ရာ နေရာမှ နေအိမ်အချို့ကို အောက်တိုဘာ ၁၃ ရက်က မိုလိုတော့ဗ် ပုလင်းဗုံး (Molotov cocktail) ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဒေသခံ အမျိုးသား ၁၃ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။
ဂျိုဟိုးရဲတပ်ဖွဲ့ချုပ် (IPK) ရဲမှူးချုပ် ဒါတူခ် အဘ် ရာဟားမန်း အာဆတ်က အောက်တိုဘာ ၁၄ ရက်မှ ၁၉ ရက်အထိ လုပ်ဆောင်ခဲ့သော တရားခံဖော်ထုတ်မှုစစ်ဆင်ရေးတစ်ခုအတွင်း ကုလိုင်ခရိုင်၌ အသက် ၁၆ နှစ်နှင့် ၃၁ နှစ်ကြားရှိ သံသယရှိသူများကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။
ပြည်သူလူထုထံမှ ရရှိသော သတင်းအချက်အလက်များကို အခြေခံ၍ ဂျိုဟိုးရဲတပ်ဖွဲ့ချုပ် ရာဇဝတ်မှု နှိမ်နင်းရေးဌာန (CID) နှင့် ကုလိုင်ခရိုင် ရဲတပ်ဖွဲ့ဌာနချုပ် (IPD) ရာဇဝတ်မှုနှိမ်နင်းရေးဌာနတို့ ပူးပေါင်းကာ အဆိုပါ ဖမ်းဆီးမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ဆေးချက်များအရ သံသယရှိသူ လေးဦးတွင် ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးပြစ်မှုများနှင့် ပတ်သက်သည့် ယခင်ရာဇဝတ်မှုမှတ်တမ်း စုစုပေါင်း ၁၂ ခု ရှိနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“ရဲတပ်ဖွဲ့က နောက်ထပ် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် လက်ကိုင်ဖုန်း ၁၃ လုံး၊ အဝတ်အစား ၃ စုံနဲ့ ဘေ့စ်ဘောဦးထုပ် ၃ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ၎င်းက ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့အနေဖြင့် သံသယရှိသူ လေးဦးကို အောက်တိုဘာ ၁၄ ရက်မှစတင်၍ ရက်ပေါင်း ၈ ရက်၊ လေးဦးကို တစ်ပတ်နှင့် တစ်ဦးကို အောက်တိုဘာ ၁၅ ရက်မှစတင်၍ ၅ ရက်ကြာ ချုပ်နှောင်စစ်ဆေးရန် ရုံးထုတ်ခဲ့ပြီး၊ ကျန်လေးဦးကိုမူ ယနေ့မှစတင်ကာ တစ်ပတ်ကြာ ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားကြောင်း အဘ်ရာဟားမန်းက ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ဤအမှုကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၅၀၅(ဂ) တို့အပြင် ၁၉၉၈ ခုနှစ် ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာ အက်ဥပဒေ ပုဒ်မ ၂၃၃ တို့အရ စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref: Bernama via Malay Mail & Archyde
