


၁၈.၁၀.၂၀၂၆
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံတစ်ဝန်းတွင် အောက်တိုဘာလ ၁၇ ရက်က ကျင်းပခဲ့သည့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လူမှုရေး မညီမျှမှုများနှင့် ပညာရေးစနစ် အခြေအနေတို့နှင့် ပတ်သက်၍ လူထုဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့ဆုံ အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အကြမ်းဖက်မှုများအတွင်း ရဲတပ်ဖွဲ့ဝင် ၆၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ကနဦး ထုတ်ပြန်ခဲ့သော်လည်း၊ ဝန်ကြီးချုပ် ဆာဘီစတီယန် လီကောမူး m၏ ပြောကြားချက်အရ ထိုအရေအတွက်မှာ နှစ်ဆကျော်အထိ မြင့်တက်လာခဲ့သည်။
ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် မညီမျှမှုများကို ဆန့်ကျင်ကန့်ကွက်ရန် ကျောင်းသားများ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များနှင့် Yellow Vest ခေါ် အဝါရောင်အင်္ကျီဝတ် လှုပ်ရှားသူများ လမ်းမများပေါ် ထွက်လာကြရာ ပြင်သစ်နိုင်ငံ၏ နေရာအချို့တွင် မငြိမ်မသက်မှုများလည်း ဖြစ်ပေါ်ခဲ့ရသည်။
ဆန္ဒပြ အကြမ်းဖက်မှုများတွင် ရဲတပ်ဖွဲ့ဝင် ၁၅၀ ဦး ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၁,၂၀၀ ဦးကို ဖမ်းဆီးထားကြောင်း လီကောမူးက ပြောကြားခဲ့သည်။ ပါရီမြို့တွင် တာဝန်ချထားသည့် ရဲတပ်ဖွဲ့ဝင်များကို သွားရောက်တွေ့ဆုံစဉ် ၎င်းက “ထိခိုက်ဒဏ်ရာရသူ အရေအတွက် ဒီထက်မပိုခဲ့တာ တော်တော်ကံကောင်းတယ်လို့ပဲ ပြောရမယ်” ဟု ဆိုခဲ့သည်။
ဆန္ဒပြပွဲများတွင် လူပေါင်း ၅၅၀,၀၀၀ ခန့် ပါဝင်ခဲ့ပြီး ပါရီ၊ မာဆေးလ်၊ ရန်း ၊ တူးလူ့စ်၊ အန်းဂရက်စ်နှင့် အခြားမြို့များတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် ဆက်စပ်၍ လူရာနှင့်ချီ ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ပါရီ၊ မာဆေး၊ နိစ် ၊ ဘော်ဒိုးနှင့် လီးလ်မြို့များတွင် ဆိုင်ခန်းပေါင်းများစွာ လုယက်ခံခဲ့ရကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့ပြီး၊ လီးလ်မြို့ရှိ Apple စတိုးဆိုင်တစ်ဆိုင်မှာလည်း ပစ္စည်းများ လုယက်ခံခဲ့ရသည်။
မငြိမ်မသက်ဖြစ်အောင် အကြမ်းဖက်မှုများတွင် ပစ္စည်းများ လုယက်ရန် ကြိုးပမ်းခြင်း၊ ဥပဒေ စိုးမိုးရေးအဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံခြင်း၊ လမ်းမပေါ်ရှိ ပရိဘောဂများကို မီးရှို့ဖျက်ဆီးခြင်း၊ အာဏာပိုင်ရုံးများနှင့် မီဒီယာဌာနများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း စသည့် လုပ်ရပ်များ ပါဝင်ကြောင်း ဝန်ကြီးဌာနက ဖော်ပြခဲ့ပြီး၊ ဤမငြိမ်မသက်မှုများအတွက် အစွန်းရောက် လက်ဝဲအုပ်စုများကို အပြစ်တင်ခဲ့သည်။
ပါရီနှင့် မာဆေးလ်မြို့များတွင် အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွားနေစဉ် ရဲတပ်ဖွဲ့က ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများ အသုံးပြု ဖြိုခွင်းခဲ့သည်။ ပါရီမြို့ အနောက်ပိုင်းရှိ ပြင်သစ်မီဒီယာဌာနများဖြစ်သည့် CNews နှင့် Europe 1 တို့၏ ရုံးခန်းပြတင်းပေါက်များကို ဆန္ဒပြသူများက ရိုက်ခွဲဖျက်ဆီးခဲ့ကြပြီး၊ ရပ်ထားသည့် ကားအများအပြားကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ မငြိမ်မသက်မှုများအတွင်း အဆောက်အအုံများလည်း မီးရှို့ခံရကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ အလယ်ပိုင်းရှိ လိုင်ယွန် (Lyon) မြို့တွင် မြို့တော်ခရီးသွားလုပ်ငန်းရုံးကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆောက်အအုံမှ မီးတောက်များနှင့် မီးခိုးမည်းများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်ကို တွေ့မြင်ကြရသည်။
လီမိုဂ်မြို့တွင်လည်း မငြိမ်မသက်မှုများ ဖြစ်ပွားလာချိန်၌ မြို့တော်ခန်းမကို မီးရှို့ခဲ့ကြသည်။ မီးသည် အဆောက်အအုံ၏အစိတ်အပိုင်းတစ်ခုမှ စတင်လောင်ကျွမ်းပြီး နောက်ဆုံးတွင် အမိုးပိုင်းအထိ ကူးစက်ခဲ့ကာ လူအုပ်ကြီးက ရပ်ကြည့်နေစဉ်အတွင်း ဆက်လက်လောင်ကျွမ်းနေခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့ကြသော်လည်း သမိုင်းဝင် အဆောက်အအုံမှာ မီးလောင်ကျွမ်းမှုကြောင့် အများစု ပျက်စီးသွားခဲ့ရသည်။
ဆန္ဒပြမှုများတွင် ကျောင်းသားများနှင့်အတူ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ အပတ်စဉ် အကြီးအကျယ် ဆန္ဒပြခဲ့ကြသည့် Yellow Vests လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူအချို့တို့လည်း ပူးပေါင်းပါဝင်လာကြသည်။ အဆိုပါ လှုပ်ရှားမှုသည် အစပိုင်းတွင် လောင်စာဆီဈေးနှုန်း မြင့်တက်မှုကို ဆန့်ကျင်ရန် စတင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် နေထိုင်မှုစရိတ် မြင့်မားခြင်းနှင့် စီးပွားရေး မညီမျှမှုများကို ဆန့်ကျင်သည့် လှုပ်ရှားမှုများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဖြစ်ပွားခဲ့သော ကျောင်းသားများ၏ ဆန္ဒပြပွဲများကို လက်ဝဲယိမ်း အစွန်းရောက်အုပ်စုဖြစ်သည့် France Unbowed (LFI) ပါတီ၏ ခေါင်းဆောင် ဂျင်း လပ် မီလန်ချွန်က ထောက်ခံအားပေးထားပြီး၊ ၎င်းသည် အောက်တိုဘာ ၁၇ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတစ်ခုတွင်လည်း ကိုယ်တိုင် ပါဝင်ချီတက်ခဲ့သည်။
အစိုးရကမူ ပြည်သူလူထုအကြား ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသော မကျေနပ်မှုများအပေါ် LFI ပါတီက မီးလောင်ရာလေပင့် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသော်လည်း LFI ပါတီကမူ ယင်းစွပ်စွဲချက်ကို ငြင်းဆိုထားသည်။
Ref: Reuters, AFP
