
သတိုး
၁၈ ၁၀. ၂၀၂၆
ကျပ် ၅၀၀၀၀ တန် ငွေစက္ကူသစ်များ ထုတ်ဝေမည်မဟုတ်ကြောင်းနှင့် သတင်းမှားဖြန့်ဝေသူများ ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယခုည ကြေညာသည်။
“လတ်တလော လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် သတင်း မီဒီယာအချို့က ၅၀၀၀၀ ကျပ်တန် ငွေစက္ကူအမျိုးအစားသစ်အား ထုတ်ဝေမည့်သတင်းများ ဖြန့်ဝေလျက်ရှိရာ (ကျပ်ငွေငါးသောင်းတန်) ငွေစက္ကူသစ်များ ထုတ်ဝေမည်ဆိုသည့် မမှန်မကန်သော ကောလာဟလသတင်းများ ပျံ့နှံ့လျက်ရှိပါကြောင်း၊ ယင်းသတင်းများသည် မှန်ကန်မှုမရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၅၀၀၀၀ ကျပ်တန် ငွေစက္ကူသစ်များ ထုတ်ဝေမည့်အစီအစဉ် မရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်း ဈေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့် ထိန်းသိမ်းရန်ဖြစ်သည့်အတွက် ငွေကြေးတည်ငြိမ်ရေးနှင့် ငွေကြေးစနစ်တည်ငြိမ်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်သည်။
သို့ပါ၍ ယခုကဲ့သို့ အများပြည်သူအကျိုးစီးပွားကိုပျက်ယွင်းအောင်၊ စျေးနှုန်း မတည်မငြိမ်မှုဖြစ်အောင်
သတင်းမှားဖြန့်ဝေသူများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ် အရေးယူပြီး ထိရောက်သော ပြစ်ဒဏ်များချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အသိပေးထုတ်ပြန်ချက်က ဆိုသည်။
ကျပ် ၅၀၀၀၀ တန် ငွေစက္ကူသစ်များ ထုတ်ဝေမည်မည်ဆိုသည့်သတင်းကို ပြည်ပပြေးမီဒီယာများ ထုတ်ဝေဖြန့်ချိနေသော်လည်း ထိုသတင်းမှာ မှားယွင်းကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကလည်း ယမန်နေ့က အတည်ပြု ထုတ်ပြန်ထားသည်။
ပြည်ပပြေးမီဒီယာများအနေဖြင့် အစိုးရ၏ ဘတ်ဂျက်လိုငွေကို အကြောင်းပြု၍ ပြည်သူများကျပ်တည်းဒုက္ခရောက်စေရန် အစိုးရက ငွေရိုက်ထုတ်မည်ဟု သတင်းမှားများထုတ်လွှင့်ကာ ဒေါ်လာစျေးဆွဲတင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး ထိုလုပ်ဆောင်မှုကြောင့်ပင် ဒေါ်လာစျေးမှာ ရက်ပိုင်းအတွင်း ကျပ် ၄၀၀ ခန့် မြင့်တက်လာသည့်အပြင် အခြေပစ္စည်းများနှင့် ကုန်စျေးနှုန်းလှုပ်ခတ်မှုအချို့လည်း ဖြစ်ပေါ်လာခဲ့သည်။
