


၁၈.၁၀.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ကံသာရပ်ကွက်၊ View Point Hotel တွင် ယမန်နေ့ အောက်တိုဘာလ ၁၇ ရက် ည ၉ နာရီ ၄၀ မိနစ်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ ပန်ကာမော်တာကွိုင် အပူလွန်ကဲရာမှ မီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏အတည်ပြုချက်အရ သိရသည်။
၃၅မိနစ်ကြာ လောင်ကျွမ်းခဲ့သောမီးလောင်မှုမှာ လူမနေသည့် အခန်းအတွင်းရှိ ပန်ကာမှ စတင်လောင်ကျွမ်းခဲ့ပြီး လူနေအခန်း နှစ်ခန်းနှင့် ပရိဘောဂများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။
ဟိုတယ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ သန္ဓေ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ဟိုတယ်တွင် မီးလောင်မှုကြောင့် မန်နေဂျာ အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ညောင်ရွှေမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
