သက်တံ့
၁၉. ၁၀. ၂၀၂၆
အီကွေဒေါနိုင်ငံ၊ ဆိပ်ကမ်းမြို့ဖြစ်သော ဂွါယာကီးလ် (Guayaquil) တွင် ကက်သလစ်ဖာသာ (Priest) တစ်ပါးသည် စနေနေ့က တရားပွဲကျင်းပနေစဉ် လေးလံသော သစ်သားလက်ဝါးကပ်တိုင်တစ်ခု နံရံမှ ဦးခေါင်းထိပ်တည့်တည့်သို့ လဲပြိုကျကာ တရားဟောစင်နှင့်ညပ်၍ ဒဏ်ရာအပြင်းအထန်ရကာ ကွယ်လွန်သွားခဲ့သည်။
ဖာသာ ထရီစီယို ဆန်းချက်ဇ် (Father Patricio Sanchez) သည် Our Lady of Perpetual Help ကက်သလစ်ဘုရားကျောင်းတွင် ဘာသာရေးဝတ်ပြုမှုကို ဦးဆောင်နေစဉ် ပလ္လင်၏အထက်နံရံမှ လက်ဝါးကပ်တိုင် ပြုတ်ကျလာခြင်း ဖြစ်သည်။
တနင်္ဂနွေနေ့က ဆိုရှယ်မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီး အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် အဆိုပါ ရုပ်သံဖိုင်အရ ဖာသာသည် တရားနာပရိတ်သတ်ဘက်သို့ မျက်နှာမူရပ်နေစဉ် လဲကျလာသည့် လက်ဝါးကပ်တိုင်က ဦးခေါင်းကို အပြင်းအထန် ရိုက်ခတ်သွားသည်ကို တွေ့ရှိရသည်။
”ဖာသာ၊ ဖာသာ ! လူနာတင်ကား ခေါ်ကြစမ်းပါ!” ဟု ထိတ်လန့်နေကြသော ဝတ်ပြုသူများ၏ အကူအညီတောင်း အော်ဟစ်သံများကို တိုက်ရိုက်ထုတ်လွှင့်မှု ရပ်တန့်မသွားမီ အချိန်အထိ ကြားကြရသည်။
ဂွါယာကီးလ် (Guayaquil) သာသနာဂိုဏ်းက ဆန်းချက်ဇ် ကွယ်လွန်သွားခြင်းအတွက် မိသားစုဝင်များနှင့် မိတ်ဆွေများအပေါ် “ကြေကွဲဝမ်းနည်းကြောင်း၊ ချစ်ခင်လေးစားကြောင်းနှင့် အသိအမှတ်ပြုကြောင်း” ထုတ်ပြန်ကြေညာခဲ့ပြီး ဆရာတော်သည် “ဘုရားသခင်၏ အိမ်တော်” သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။
လက်ဝါးကပ်တိုင် လဲကျရသည့်အကြောင်းရင်းနှင့် ပတ်သက်၍ ဘုရားကျောင်း တာဝန်ရှိသူများက တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးသလို ဒေသန္တရ အာဏာပိုင်များကလည်း အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ဆန်းချက်ဇ်သည် နိုင်ငံပေါင်း ၈၀ ကျော်တွင် တည်ရှိပြီး ၁၇၃၂ ခုနှစ်က တည်ထောင်ခဲ့သည့် ရိုမန်ကက်သလစ် သာသနာပြုဂိုဏ်းတစ်ခုဖြစ်သော Congregation of the Most Holy Redeemer မှ သာသနာ့ဂိုဏ်းဝင်တစ်ဦး ဖြစ်သည်။
Ref: SCMP
