သက်တံ့
၁၉-၁၀-၂၀၂၆
ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများ တရားမဝင် ပိုင်ဆိုင်ထားသည်ဟု သံသယရှိရသည့် မြေကွက်များကို ဒီဇင်ဘာလကုန်အထိ စိစစ်ဖော်ထုတ်ကြရန်နှင့် နောက်ဆက်တွဲအနေဖြင့် မြေပိုင်ဆိုင်ခွင့် ဂရန်များကို ရုပ်သိမ်းသွားရန် ဝန်ကြီးချုပ် အနုတင် ချာဝီရကွန်က ပြည်နယ်အုပ်ချုပ်ရေးမှူးများကို အမိန့်ပေးလိုက်သည်။
ဘန်ကောက်မြို့ရှိ အစိုးရအဖွဲ့ရုံး၌ ပြည်ထဲရေးဝန်ကြီးတာဝန်ကိုပါ ပူးတွဲယူထားသူ ဝန်ကြီးချုပ် အနုတင်က နိုင်ငံခြားသားများ တရားမဝင် မြေပိုင်ဆိုင်မှုကို အစိုးရ၏ နှိမ်နင်းရေးစီမံချက် စတင်သည့် တနင်္လာနေ့တွင် အဆိုပါအမိန့်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် အမည်ခံကိုယ်စားလှယ် (Nominee) များမှတစ်ဆင့် မြေယာများကို တရားမဝင် ပိုင်ဆိုင်ထားသည်ဟု သံသယရှိရသည့် နိုင်ငံခြားသားများကို စိစစ်ဖော်ထုတ်ရန် ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် မြေယာအရာရှိများကို ဒီဇင်ဘာလကုန်အထိ အချိန်ပေးထားကြောင်း ၎င်းက ပြောသည်။ ထိုသို့ စိစစ်တွေ့ရှိချက်များမှတစ်ဆင့် သင့်တော်သော ဥပဒေကြောင်းအရ အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
“ဒီကိစ္စရဲ့ နောက်ကွယ်မှာရှိတဲ့သူတွေဟာ အများအားဖြင့် ‘ဩဇာရှိသူတွေ’ ဖြစ်ပါတယ်။ သာမန်လူတွေ မဟုတ်ဘဲ အရှိန်အဝါရှိသူတွေပါ။ ဒါပေမဲ့ ဘယ်သူ့အရှိန်အဝါမှ အစိုးရရဲ့ အာဏာထက် မကြီးမားနိုင်ပါဘူး” ဟု အနုတင်က ပြောကြားခဲ့သည်။
ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများကို မိန့်ခွန်းပြောကြားရာတွင် အစိုးရအနေဖြင့် အဆိုပါအမိန့်ကို ဆောင်ရွက်ရာ၌ ၎င်းတို့၏ ကြိုးပမ်းမှုများကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
သံသယဖြစ်ဖွယ် မြေကွက်များကို စိစစ်တွေ့ရှိပါက အာဏာပိုင်များအနေဖြင့် အမှန်တကယ် ပိုင်ဆိုင်သူ သို့မဟုတ် အကျိုးခံစားခွင့်ရှိသူ မည်သူမည်ဝါဖြစ်သည်ကို သိရှိနိုင်ရေးအတွက် ဂရန်ပေါ်ရှိ အမည်များထက် ပိုမိုနက်ရှိုင်းစွာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် တာဝန်ရှိသူများကို ဥပဒေအတိုင်း အရေးယူနိုင်မည်ဟု ဝန်ကြီးချုပ်က ဆိုသည်။
နောက်ထပ် အရေးယူဆောင်ရွက်မှုများတွင် အဆိုပါ နိုင်ငံခြားသားများ၏ ထိုင်းနိုင်ငံ၌ ဆက်လက်နေထိုင်ခွင့်ကို ရုပ်သိမ်းခြင်းလည်း ပါဝင်နိုင်သည်။ မစ္စတာအနုတင်၏ ပြောကြားချက်အရ အစိုးရသည် ယင်းရည်ရွယ်ချက်အတွက် ပြည်နှင်ဒဏ်ပေးခြင်း၊ ထိုင်းနိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းနှင့် ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုဆိုင်ရာ အရေးယူမှုများ အပါအဝင် ဥပဒေလုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ထားကြောင်း သိရသည်။
မြေယာပိုင်ဆိုင်ခွင့်ကို အမည်ခံတစ်ဦးမှ တစ်ဦးသို့ လွှဲပြောင်းမသွားစေရန်အတွက် မြေယာများကို မဖြစ်မနေ ရောင်းချစေသည့် ဥပဒေကြောင်းအရ အရေးယူမှုများလည်း ပါဝင်နိုင်ကြောင်း ၎င်းက ပြောသည်။
“နိုင်ငံခြားသားတွေအတွက် ကိုယ်စားခံပြီး မြေယာပိုင်ဆိုင်ပေးထားတဲ့ အမည်ခံတွေကို ပြတ်ပြတ်သားသား အရေးယူသွားမှာပါ။ မြေယာဟာ အမျိုးသားရေးအရ အရေးပါတဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုဟာ တရားဝင်ပြီး မျှတမှုရှိရမှာဖြစ်သလို တရားမဝင် အမြတ်ထုတ်ခွင့် မဖြစ်စေရပါဘူး။ ဒီပြဿနာဟာ အမျိုးသားရေး အရင်းအမြစ်တွေကို မျှတစွာ အသုံးပြုမှုတင်မကဘဲ အမျိုးသားလုံခြုံရေးနဲ့ အစိုးရရဲ့ အာဏာကျင့်သုံးမှုအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ပါ သက်ဆိုင်နေပါတယ်” ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့သလို”တစ်ချိန်တည်းမှာပဲ ရိုးသားပွင့်လင်းပြီး ထိုင်းဥပဒေကို လိုက်နာကာ ထိုင်းနိုင်ငံသားတွေရဲ့ အခွင့်အရေးကို လေးစားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကိုတော့ ကြိုဆိုဖို့ ထိုင်းနိုင်ငံက အသင့်ရှိနေကြောင်း အစိုးရက အတည်ပြုပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မြေယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆွမ်ချိုင်း လီလာနွိုင်း (Somchai Leelanoi) က အာဏာပိုင်များ၏ ပထမအဆင့် စုံစမ်းစစ်ဆေးမှုများအရ သံသယဖြစ်ဖွယ် မြေပိုင်ဆိုင်မှုတွင် အဖွဲ့အစည်းများအပါအဝင် ပါဝင်ပတ်သက်သူ ၁၃,၀၈၈ ဦးရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါအရေအတွက်များအနက် ၁,၅၅၀ မှာ နိုင်ငံခြားသားများ တရားမဝင် ရှယ်ယာပါဝင်နေသည်ဟု စွပ်စွဲခံထားရသော ကုမ္ပဏီများဖြစ်ပြီး ၁၁,၅၃၈ မှာ နိုင်ငံခြားသားများအတွက် ကိုယ်စားခံ၍ မြေယာပိုင်ဆိုင်ပေးထားသည်ဟု သံသယရှိရသူများ ဖြစ်သည်။
အဆိုပါ စုံစမ်းစစ်ဆေးမှုများကြောင့် တရားမဝင် ပိုင်ဆိုင်ထားသည့် မြေဧရိယာ ၅,၄၆၇ ရိုင် (၈ ဒသမ ၇၅ စတုရန်းကီလိုမီတာခန့်) ကို မဖြစ်မနေ ရောင်းချခိုင်းရဖွယ် ရှိသည်။ လက်ရှိတွင် အာဏာပိုင်များက ထိုမြေများ၏ စုစုပေါင်းတန်ဖိုးကို ဘတ် ၁၄ ဒသမ ၀၁ ဘီလီယံအဖြစ် ခန့်မှန်းထားကြောင်း ဆွမ်ချိုင်းက ပြောသည်။
ယခုလအစောပိုင်းကလည်း အာဏာပိုင်များသည် တရားမဝင် နိုင်ငံခြားသား အိမ်ခြံမြေပိုင်ဆိုင်မှုများကို စတင်နှိမ်နင်းခဲ့ရာ ဘန်ကောက်ရှိ အဆင့်မြင့် အိမ်ရာဝင်း ၄ ခုမှ နေရာ ၁၇ ခုကို စဝင်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသားများ အပါအဝင် သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးခဲ့ကာ ဘတ် ၆ ဘီလီယံကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့သည်။
Ref: Bangkok Post
