နေမိုး
၁၉. ၁၀. ၂၀၂၆
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြမ်းဖက်ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိရာ ယခုလည်း ကန့်ဘလူ PDF များက မူလတန်းပြဆရာမသုံးဦးကို ဖမ်းဆီးသွားသဖြင့် ကယ်တင်နိုင်ရေး ကြိုးပမ်းနေရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
အကြမ်းဖက် NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပုပ်ပါးကျေးရွာနေသူများဖြစ်ကြသည့် အခြေခံ ပညာမူလတန်းကျောင်း(ပုပ်ပါးကျေးရွာ) မှ မူလတန်းပြဆရာမ ဒေါ်ခင်မာဝေ(၆၀)နှစ်၊ ဒုတိယမူလတန်းပြဆရာမ ဒေါ်နီနီဝင်း (၃၀)နှစ်နှင့် လက်ထောက်မူလတန်းပြဆရာမ ဒေါ်အိဇင်သော် (၃၀)နှစ်တို့သည် ပုပ်ပါးကျေးရွာမှ ဘုံမြို့ ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် PDF ငါးဦး ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်း သုံးဦးအား အကြမ်းဖက်ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
