သတိုး
၁၉. ၁၀. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းစွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို တွေ့ရှိခဲ့ရပြီး ခရီးစဉ်အောင်မြင်ခဲ့မှု အခြေအနေများ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍတွင် ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး ယခုအခါတွင်လည်း နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အခြေအနေနှင့် မြန်မာနိုင်ငံ၊ ထားဝယ်နှင့် လောင်းလုံဒေသတို့တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး သဘာဝဘေးအန္တရာယ်များတွင် နှစ်နိုင်ငံအတူတကွ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်အကျပ်အတည်းများကို နှစ်နိုင်ငံပူးပေါင်းဖြေရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဒေသတွင်းသို့ စွမ်းအင် ဆက်လက်ဖြန့်ဖြူးရောင်းချနိုင်ရေးတို့ကိုလည်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
