




၁၉.၁၀.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးတွင် ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မီးဘေးစသည့် သဘာဝဘေး အန္တရာယ်များကြုံတွေ့လာပါက ကယ်ဆယ်ရေး၊ ရှာဖွေရေး၊ ရွှေ့ပြောင်းရေး၊ ကျန်းမာရေးစောင့်ရှောက်ရေး၊ ဆေးဝါးကုသရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ ကြိုတင်ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက အောက်တိုဘာ ၁၉ ရက်၊ နံနက် ၁၀ နာရီက ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့တွင် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်အမှတ်(၂) ဦးအောင်ပြည့်ဖြိုး၏ “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/မြို့နယ်အလိုက် ပြည်သူ့အခြေပြုသဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေးနှင့် ပတ်သက်သည့်မေးခွန်း” နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်အမှတ်(၂) ဦးဝေယံပိုင်၏ ” ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ပတ်သက်သည့်မေးခွန်း” တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးက တစ်ပေါင်းတည်းဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက “ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်များမဖြစ်ပေါ်မီ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ကူညီဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး အဖွဲ့ဝင်(၃၄)ဦးပါဝင်သော အဖွဲ့ဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ(၁၂)ခုကိုလည်း ဝန်ကြီးများမှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ ဖွဲ့စည်းထားရှိပြီးဖြစ်တယ်။ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကိုလည်း ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ အဖွဲ့ဝင် (၂၃)ဦးပါဝင်သော အဖွဲ့ကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကိုလည်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌများက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ အဖွဲ့ဝင်(၁၆)ဦးပါဝင်သော အဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ရပ်ကွက်/ကျေးရွာအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကိုလည်း ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးက ဥက္ကဋ္ဌအဖြစ်ပါဝင်၍ အဖွဲ့ဝင် (၁၀)ဦးပါဝင်သောအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွား ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်လေ့ကျင့်ခြင်းများဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီး ဦးနေလင်းထွန်းက ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝမှာ အမှတ်မထင်ဝင်ရောက်လာတက်သည့်အတွက် ကြိုတင်ကာကွယ်မှုနှင့် ကြိုတင်ပြင်ဆင်မှုများစနစ်တကျပြုလုပ်မထားပါက ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးနိုင်မည်ဖြစ်ကြောင်း အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးသည် လူနေထူထပ်ပြီး အထပ်မြင့်အဆောက်အအုံများပြားခြင်း၊ သက်တမ်းလွန်အဆောက်အအုံများ ပြားခြင်းတို့ကြောင့် ငလျင်ဘေးဒဏ်ကျရောက်ပါက ပျက်စီးဆုံးရှုံးမှုများပြားနိုင်မည်ဖြစ်ကြောင်းလည်း တိုင်းဒေသကြီးဝန်ကြီးက ပြောကြားခဲ့သည်။
ဆက်လက်၍ ငလျင်ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲများ၊ ဆက်တိုက် လေ့ကျင့်ခန်းများကို ခရိုင်၊ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိပြီး ၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အသိပညာပေးဟောပြောပွဲ (၁၇) ကြိမ်အား လူဦးရေ (၁၂၄၅) ဦးဖြင့် လည်းကောင်း၊ သင်တန်းဖွင့်လှစ်မှု (၁) ကြိမ်အား လူဦးရေ (၃၀) ဦးဖြင့်လည်းကောင်း၊ သဏ္ဍာန်တူ ဆက်တိုက်လေ့ကျင့်ခန်း (၄) ကြိမ်အား လူဦးရေ (၁၉၅၀) ဦးဖြင့်လည်းကောင်း၊ သင်ခန်းစာပို့ချမှု (၅) ကြိမ်အား လူဦးရေ (၅၁၁) ဦးဖြင့်လည်းကောင်း၊ အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းအား (၂၀) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း တိုင်းဒေသကြီးဝန်ကြီးက ပြောကြားခဲ့သည်။
အရေးပေါ်ကူညီကယ်ဆယ်ရေးများကို အချိန်မီလျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအား တပ်ခွဲ (၁) ခွဲ (၁၁၆) ဦး၊ တပ်စု (၄၅) စု (၁၅၇၅) ဦး၊ စုစုပေါင်း အင်အား (၁၆၉၁) ဦးဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်သည့်အပြင် အထူးရှာဖွေကယ်ဆယ်ရေးအဖွဲ့(USAR) Light Team (A,B) (၂)သင်းကိုလည်း အင်အား(၄၀)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး၊ အခြေခံမီးသတ်ပညာသင်တန်းနှင့် အရန်မီးသတ်တပ်ဖွဲ့များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းများတွင် ရှာဖွေကယ်ဆယ်ရေးပညာရပ်များ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
ဆက်လက်၍ သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက ဆက်လက်လုပ်ကိုင်သွားမည် အရေးပေါ်အခြေအနေများကို တိုင်းဒေသကြီးဝန်က လွှတ်တော်တွင် တင်ပြခဲ့ရာ ကျန်းမာရေးစောင့်ရှောက်မှု(Rapid Response Team) တိုင်းဒေသကြီးအဆင့်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် (၄) ဖွဲ့၊ ခရိုင်အဆင့်တွင် ခရိုင်ပြည်သူ့ကျန်းစာရေးဦးစီး ဌာနမှူး၏ ဦးဆောင်မှုဖြင့်(၁၆)ဖွဲ့၊ မြို့နယ်အဆင့်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့်(၉၀)ဖွဲ့၊ စုစုပေါင်း(၁၁၀)ဖွဲ့အား တစ်ဖွဲ့လျှင်(၅)ဦးနှုန်းဖြင့် ကျန်းမာရေးဦးစီးဌာနမှ စုဖွဲ့ထားရှိပြီးဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်အတွက် Emergency Operations Center (၅)ခုကိုလည်း ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကာ သဘာဝဘေးအန္တရာယ်များ မမျှော်လင့်ဘဲဖြစ်ပေါ်လာပါက ကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံများနှင့်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကြက်ခြေနီတပ်ဖွဲ့များ၊ ထွေ/အုပ်အဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် ပြည်သူများ အရေးပေါ်သွေးလိုအပ်လာပါက အချိန်မှီရရှိရေးအတွက် နည်းလမ်းနှစ်ခုဖြင့် ဆောင်ရွက်ထားပြီး ၎င်းတို့မှာ (၁) Blood Bank – အမျိုးသားသွေးလှူဘဏ်အပါအဝင် ဆေးရုံများရှိ သွေးလှူဘဏ်များတွင် ကြိုတင်စုဆောင်းထားသော သွေးများဖြင့်ဖြည့်ဆည်းဆောင်ရွက်ခြင်း၊ (၂) Live Donor Bank – မြို့နယ်/ရပ်ကွက်များရှိ စေတနာရှင် သွေးလူရှင်အသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ စုပေါင်းသွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှလည်း အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လူ(၃၄၂၃)ဦး၊ ယာဉ်(၁၉၃)စီးနှင့် ချိန်းဆော(၉၃)ခု အား ကြိုတင်ပြင်ဆင်ဖွဲ့စည်းထားပြီး ၎င်းအပြင် Loader(၁၅)စီး၊ Excavator (၈၈)စီး၊ Dozer(၉)စီး၊ Crane(၈)စီး၊ ရေကား(၄၈)စီး၊ ယာဉ်ကြီး(၁၀၀)စီး ကိုလည်း အသင့်စုဖွဲ့ထားရှိပြီးဖြစ်ကြောင်း၊ အရေးပေါ်ဖြစ်စဉ်များတွင် အချိန်မီတုန့်ပြန် နိုင်ရန် အတွက် လူ၊ ယာဉ်/စက်၊ ဆီနှင့်ရေတို့ကို အသင့်ပြင်ဆင်ထား ရှိပြီး မီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ၊ EMS (Emergency Medical Services) အဖွဲ့များ၊ ကြက်ခြေနီအဖွဲ့များ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် စီမံထားရှိပြီးဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးပါက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် စက်/ယာဉ်နှင့် ဘေလီပစ္စည်းများကိုလည်း ကြိုတင်စုဆောင်းထားရှိပြီးဖြစ်ပြီး ပျက်စီးမှုများကို ပြုပြင်ဆောင်ရွက်မည့် အင်ဂျင်နီယာများနှင့် လုပ်သားများကိုလည်း ကြိုတင်စုဖွဲ့ထားရှိပြီးဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ရှားခဲ့သော မန္တလေးငလျင်ကြီးကြောင့် အချိန်တိုအတွင်း စစ်ကိုင်း ပြတ်ရွေ့တစ်လျှောက် မြေသားကွဲအက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် မြန်မာတစ်နိုင်ငံလုံးတွင် နောက်ဆက်တွဲငလျင်အကြိမ်ပေါင်း (၃၂၉) ကြိမ် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
