




၁၉.၁၀.၂၀၂၆
Written By Thandar
ရုပ်ရှင်ကို ဖန်တီးရိုက်ကူးလိုတဲ့ ဝါသနာရှင်လူငယ်တွေအတွက် မိမိတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးမယ့် Film 24 Short Film Festival မှာ The Best Short Film Award ဆုကို ကျပ်သိန်း ၃၀၀၊ People’s Choice Award ဆုကို ကျပ်သိန်း ၁၀၀ ချီးမြှင့်ပေးမှာဖြစ်ပါတယ်။
“ဒီကနေ့ ပွဲအခမ်းအနားကတော့ Channel-24 Free To Air ရုပ်သံလိုင်းကနေပြီးတော့ စီစဉ်ကျင်းပတဲ့ Film 24 Short Film Festival official Media Launch အခမ်းအနားပဲ ဖြစ်ပါတယ်။ မကြာခင် ကာလအတွင်းမှာ ရုပ်ရှင်ကို ဖန်တီးရိုက်ကူးလိုတဲ့ ဝါသနာရှင် လူငယ်တွေအတွက် မိမိတို့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် Film 24 Short Film Festival ကို စီစဉ်ကျင်းပလိုက်ရခြင်းလည်း ဖြစ်ပါတယ်။ Film 24 Short Film Festival ဟာ မြန်မာနိုင်ငံက မျိုးဆက်သစ် ရုပ်ရှင်ဖန်တီးသူတွေရဲ့ အရည်အချင်းတွေကို ရှာဖွေဖော်ထုတ်ပြီး လက်တွေ့ ဖန်တီးမှု အတွေ့အကြုံ၊ ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်မှုနဲ့ ပရိသတ်ရှေ့မှာ ပြသခွင့် တို့ကို ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ဖန်တီးမှု ဖွံ့ဖြိုးရေး အစီအစဉ်တစ်ခုဖြစ်ပါတယ်” လို့ Channel 24 Free To Air ရုပ်သံလိုင်းရဲ့ BOD အဖွဲ့ဝင် သရုပ်ဆောင် နေထူးနိုင်ကပြောပါတယ်။
အဆိုပါ အစီအစဥ်ရဲ့ Official Media Launch ပွဲကို ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗောဓိရိပ်သာလမ်းရှိ Clover Suites (Golden Valley) မှာ ကျင်းပခဲ့ပါတယ်။
Film 24 Short Film Festival ပွဲမှာ ပါဝင်အကဲဖြတ်ပေးသွားမယ့် Judges တွေက ထပ်ဆင့် အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုး၊ အကယ်ဒမီ ဆွေဇင်ထိုက်၊ အကယ်ဒမီ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) တို့က ပါဝင်ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် ကိုယ့်စိတ်ကြိုက်ဖန်တီးထားတဲ့ Short Film တွေကို နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အတွင်း Channel 24 Myanmar Facebook Page က ကြော်ငြာပေးတဲ့ Link က Form တင်ရမှာ ဖြစ်ပြီး ပေးပို့လာတဲ့ Short Film တွေထဲမှ ၃၀ ဦးကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကြော်ငြာပေးသွားမှာဖြစ်ပါတယ်။
“Film 24 Short Film Festival 2026 ကိုတော့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးသာမက ပြည်ပမှာ ရောက်ရှိ နေတဲ့ မြန်မာရုပ်ရှင်ဖန်တီးသူတွေအတွက် မိမိတို့ရဲ့ အရည်အချင်း၊ အတွေးအမြင်နဲ့ ဖန်တီးနိုင်စွမ်းကို ထုတ်ဖော် ပြသနိုင်တဲ့ အခွင့်အရေးတစ်ခုအနေနဲ့ ရည်ရွယ်ပြီးတော့ ကျင်းပရခြင်း ဖြစ်ပါတယ်။ ပွဲတော်ဟာ ဆုချီးမြှင့်ခြင်း တစ်ခုတည်းကိုသာ ရည်ရွယ်ခြင်းမဟုတ်ဘဲနဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ မျိုးဆက်သစ် ဒါရိုက်တာတွေ၊ ဇာတ်ညွှန်း ရေးသားသူတွေနဲ့ ရုပ်ရှင်ဖန်တီးသူတွေကို မွေးထုတ်ပေးဖို့ ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။ အခုပွဲတော်ဟာ ဆုရရှိရေးအတွက်သာမကဘဲ သင်ယူခြင်း၊ ဖလှယ်ခြင်းနဲ့ တိုးတက်ခြင်းကို အလေးထားပြီးတော့ ဖန်တီးမှုကို ပိုမို ကောင်းမွန်လာစေဖို့ အခွင့်အရေးတွေ ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်”လို့ Judges ထပ်ဆင့် အကယ်ဒမီဒါရိုက်တာ ပန်းချီစိုးမိုးက ပြောပါတယ်။
ရွေးချယ်ခံရသူ အယောက် ၃၀ ကနေ အဆင့်ဆင့်ဖန်တီးမှုတွေနဲ့အတူ နောက်ဆုံး The Best Short Film Award ဆုကို ကျပ်သိန်း ၃၀၀၊ People’s Choice Award ဆုကို ကျပ်သိန်း၁၀၀ ချီးမြှင့်မှာဖြစ်ပြီး People’s Choice Award ဆုကို Online Volting နဲ့ပေးမှာဖြစ်ပါတယ်။
