၂၀.၁၀.၂၀၂၆
Translated by Htwe Ko Tun
လက်ရှိတွင် ကနေဒါနိုင်ငံ၏ ပြည်နယ်တစ်ခုအနေဖြင့် တည်ရှိနေသော အယ်လ်ဘာတာပြည်နယ်အနေဖြင့် ကနေဒါနိုင်ငံမှ ခွဲထွက်၍ လွတ်လပ်ရေးရယူရန်အတွက် ဥပဒေရေးရာ လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်မည့် အဆိုပြုချက်ကို ပြည်နယ်အတွင်း အောက်တိုဘာလ ၁၉ ရက်က လူထုဆန္ဒခံယူ ပွဲပြုလုပ်ခဲ့ကြသည်တွင် မဲဆန္ဒရှင် ဒေသခံပြည်သူများက အဆိုပြုချက်အား ပြတ်ပြတ်သားသား ပယ်ချလိုက်ကြကြောင်း သိရသည်။
လူထုဆန္ဒခံယူပွဲ ရှေ့ပြေးရလဒ်များအရ မဲဆန္ဒရှင် ၇၆ ရာခိုင်နှုန်းကျော်က အဆိုပြုချက်ကို ဆန့်ကျင်၍ ကနေဒါပြည်ထောင်စုတွင်သာ ဆက်လက်တည်ရှိရန် မဲပေးခဲ့ကြကာ ၂၃ ရာခိုင်နှုန်းကျော်ကမူ အဆိုပြုချက်ကိုထောက်ခံ၍ သီးခြားနိုင်ငံခွဲထွက်ရေး လိုလားခဲ့ကြသည်။

ဤရလဒ်က စီးပွားရေးဆိုင်ရာ မကျေနပ်ချက်များကို အဓိကအကြောင်းပြု၍ ခွဲထွက်ရေး အဆိုပြုချက်ကို လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့များအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ရသလို ကနေဒါပြည်ထောင်စုကို ထောက်ခံသူများအတွက်မူ ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်လာသည်။
ဤဆန္ဒခံယူပွဲတွင် ဒေသခံပြည်သူများအား ကနေဒါနိုင်ငံအတွင်း ဆက်လက်ရှိနေလိုသလား၊ သို့မဟုတ် အနာဂတ်တွင် ခွဲထွက်ရေးအတွက် တရားဝင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ရန် လိုအပ်သည့် ဥပဒေရေးရာ အဆင့်များကို စတင်လိုလားသလားဟု မေးမြန်းထားခြင်းဖြစ်သည်။
ကနေဒါနိုင်ငံတွင် ဤ လူထုဆန္ဒခံယူပွဲသည် ကွီဘက်ပြည်နယ်၌ ယခင်ကဖြစ်ပေါ်ခဲ့ဖူးသော လွတ်လပ်ရေး လှုပ်ရှားမှုများပြီးနောက် ကွီဘက်ပြည်နယ်ပြင်ပတွင် ပြုလုပ်သည့် ပထမဆုံးသော ခွဲထွက်ရေးဆိုင်ရာ လှုပ်ရှားမှုဖြစ်လာသည်။ ကွီဘက်ပြည်နယ်တွင် ယခင်က ဖြစ်ပေါ်ခဲ့သော လွတ်လပ်ရေး လှုပ်ရှားမှုများက ဘာသာစကားနှင့် ယဉ်ကျေးမှု ကွဲပြားခြားနားချက်များကို အခြေခံထားခြင်းဖြစ်ပြီး အယ်လ်ဘာတာ ပြည်နယ်တွင်မူ ဤလှုပ်ရှားမှုသည် စီးပွားရေးဆိုင်ရာ မကျေနပ်ချက်များကြောင့် အဓိက ဖြစ်ပေါ် လာခြင်း ဖြစ်သည်။

ရေနံအထူးကြွယ်ဝသော ဤပြည်နယ်ကြီးသည် ဧရိယာအကျယ်အဝန်းအားဖြင့် ဂျာမနီနိုင်ငံထက် နှစ်ဆနီးပါး ကြီးမားသော်လည်း လူဦးရေမှာ ငါးသန်းခန့်သာ ရှိပြီး လူနေထူထပ်မှု အလွန်နည်းပါးသည်။ ပြည်နယ်လူဦးရေ၏ ထက်ဝက်ခန့်ကလည်း ပြည်နယ်၏ အဓိကမြို့ကြီးနှစ်မြို့ဖြစ်သော အက်ဒ်မန်တန်နှင့် ကာလ်ဂရီမြို့များတွင် နေထိုင်ကြသည်။
ဤရလဒ်သည် ခွဲထွက်ရေး လိုလားသော အဖွဲ့များနှင့် ၎င်းတို့၏ ထောက်ခံသူများအတွက် ကြီးမားသော နောက်ဆုတ်မှုတစ်ခု ဖြစ်စေသော်လည်း၊ အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေချိန်တွင် နိုင်ငံကို စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းထားရန် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ် မာ့က် ကာနေး အတွက်မူ အလွန်လိုအပ်နေသော အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။
Ref: DW News

