◾ ပြင်သစ် အလုပ်သမားသမဂ္ဂများက နိုဝင်ဘာလ ၅ ရက်တွင် သပိတ်မှောက်မှုများနှင့် ဆန္ဒပြပွဲအသစ်များ ပြုလုပ်ရန် တိုက်တွန်း
၂၀.၁၀.၂၀၂၆
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံတွင် နိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများမှတစ်ဆင့် ရက်သတ္တပတ်ကုန်ပိုင်းတွင် ဆူပူအုံကြွမှုများနှင့် ပစ္စည်းလုယက်မှုများစသည့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးဆိုင်ရာ အားနည်းချက်များအတွက် ဝေဖန်ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည့် ပြင်သစ်အာဏာပိုင်များက ပါရီ၊ လီးလ်နှင့် နိစ်မြို့များအပါအဝင် မြို့ကြီးအချို့၏ နေရာအချို့၌ ညမထွက်ရအမိန့်များ အောက်တိုဘာလ ၁၉ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဝန်ကြီးချုပ် ဆီဘာစတီယန်း လီကောနျူးက ပါရီမြို့တစ်မြို့လုံး အကျုံးဝင်မည့် ညမထွက်ရအမိန့်မျိုး ထုတ်ပြန်ရန် မရှိသေးသော်လည်း အရေးပေါ်အခြေအနေ ကြေညာရန် ဖြစ်နိုင်ခြေကိုမူ ပယ်ချမထားကြောင်း ပြောကြားခဲ့ပြီး လက်ရှိအချိန်တွင်မူ သတ်မှတ်နေရာအချို့၌သာ ကန့်သတ်သည့် ညမထွက်ရအမိန့်များ ထုတ်ပြန်ခြင်းက ပိုမိုသင့်လျော်ကြောင်း ပြောသည်။
“တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိစေရန် ကျွန်ုပ်၏ ဆုံးဖြတ်ချက်မှာ ခိုင်မာပြတ်သားပါသည်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
ပါရီရဲတပ်ဖွဲ့က ပြင်သစ်မြို့တော်၏ နေရာအချို့တွင် အောက်တိုဘာလ ၁၉ ရက်၊ ည ၈ နာရီ (GMT အချိန် ၁၈:၀၀ နာရီ) မှစတင်၍ ဆန္ဒပြမှုများ ပြုလုပ်ခြင်းကို တားမြစ်ကြောင်းနှင့် Place de la Republique နှင့် Les Halles ဧရိယာများတွင် ည ၁၁ နာရီမှစတင်၍ ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း ပြောကြားသည်။ အဆိုပါ ကန့်သတ်ချက်များအားလုံးသည် အောက်တိုဘာလ ၂၀ ရက် နံနက် ၆ နာရီအထိ အကျုံးဝင်မည်ဖြစ်သည်။
“ဤစည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် လိုက်နာစေရန်အတွက် ရဲတပ်ဖွဲ့ဝင်များကို ချထားပြီးဖြစ်သည်” ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ Lille၊ Douai၊ Wattignies နှင့် Denain မြို့များတွင် ဒေသခံမြို့တော်ဝန်များနှင့် သဘောတူညီမှုရယူပြီးနောက် လာမည့် နှစ်ရက်အတွင်း လူငယ်များ (အသက်မပြည့်သေးသူများ) အတွက် ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် သတ်မှတ်ထားကြောင်း သိရသည်။
နိစ်မြို့၊ မြို့တော်ဝန် အီရစ် စီအော့တီက နိစ်မြို့လယ်တွင် ညအချိန်အတွင်း လူငယ်များ (အသက်မပြည့်သေးသူများ) ညမထွက်ရအမိန့် ထုတ်ပြန်သည့် အမိန့်စာတစ်စောင်ကို အွန်လိုင်းတွင် တင်၍လည်း ထုတ်ပြန်ခဲ့သည်။
မာဆေးလ်မြို့တွင်လည်း လူစုလူဝေးပြုလုပ်ခြင်းနှင့် ဆန္ဒပြခြင်းများကို တားမြစ်ထားသည်။ တစ်ချိန်တည်းမှာပင် ပြင်သစ် အလုပ်သမားသမဂ္ဂများက နိုဝင်ဘာလ ၅ ရက်တွင် သပိတ်မှောက်မှုများနှင့် ဆန္ဒပြပွဲအသစ်များ ပြုလုပ်ရန် တိုက်တွန်းထားသည်။
ဆန္ဒပြသူအချို့နှင့် ရဲတပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် ပစ္စည်းလုယက်မှုများသည် ရက်သတ္တပတ်များစွာ ကြာမြင့်လာသော ကျောင်းသားများ၏ ဆန္ဒပြပွဲများမှ ဆက်လက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤဖြစ်ရပ်များသည် နောက်လာမည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ ခြောက်လအလိုတွင် ပြင်သစ်နိုင်ငံကို တုန်လှုပ်စေခဲ့ပြီး အားနည်းသော စီးပွားရေးနှင့် မြင့်တက်လာနေသော ကြွေးမြီတို့က ဖိအားပေးသက်ရောက်မှုများကို ဖော်ပြရာရောက်ခဲ့သည်။
“သမ္မတရွေးကောက်ပွဲ မကျင်းပမီကာလအတွင်း နိုင်ငံတွင်းမှာ အလွန်ပြင်းထန်တဲ့ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်တဲ့ လက်ဝဲစွန်းရောက် အုပ်စုတစ်ခု ရှိနေပါတယ်” ဟု ဝန်ကြီးချုပ် လီကောနျူးက ပြောကြားခဲ့သည်။
လက်ဝဲစွန်းရောက် အုပ်စုဘက်မှ သမ္မတလောင်း မီလန် ချွန်က ဝန်ကြီးချုပ်အား ထိုပြောကြားမှုမတွက် သက်သေအထောက်အထားများ ထုတ်ပြရန် တောင်းဆိုလိုက်သည်။ “တကယ်လို့ သက်သေမပြနိုင်ရင် သူ့အနေနဲ့ တောင်းပန်သင့်ပြီး တိတ်ဆိတ်နေကာ မငြိမ်မသက်မှု မီးတောက်များကို ပိုမိုလောင်ကျွမ်းလာအောင် လှုံ့ဆော်ခြင်းမျိုး မလုပ်သင့်တော့ပါ” ဟု မီလန်ချွန်က X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ကုန်သွယ်ရေးနှင့် လက်လီရောင်းချရေး အဖွဲ့ချုပ် (Federation of Trade and Retail) ၏ အဆိုအရ ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်အတွင်း ဆိုင်ပေါင်း ၃,၀၀၀ နီးပါး ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
“ဖျက်ဆီးခံလိုက်ရသည့် ဆိုင်တိုင်း၏ နောက်ကွယ်တွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများ ရှိနေကြသည်။ ၎င်းတို့၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများသည် နာရီပိုင်းအတွင်းမှာပင် ပျက်စီးဆုံးရှုံးသွားခဲ့ရသည်” ဟု အဆိုပါအဖွဲ့က ထပ်လောင်းပြောကြားခဲ့ပြီး ထိခိုက်ခံစားခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအတွက် လူမှုဖူလုံရေးဆိုင်ရာ အထောက်အပံ့များနှင့် အခွန်သက်သာခွင့်များ ပေးအပ်ရန် တောင်းဆိုခဲ့သည်။
အစိုးရအနေဖြင့် အောက်တိုဘာလ ၂၀ ရက်မှစတင်ကာ လုပ်ငန်းခွင်ယာယီရပ်နားရသည့် ဝန်ထမ်းများအတွက် အထောက်အပံ့အစီအစဉ်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း လီကောနျူးက ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ အောက်တိုဘာလ ၁၇ ရက်က လူပေါင်း ၂,၄၀၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ဆန္ဒပြသူတစ်ဦး နှလုံးရပ်တန့်ကာ သေဆုံးခဲ့သလို ရဲတပ်ဖွဲ့ဝင် ၁,၀၀၀ နီးပါးလည်း ဒဏ်ရာရရှိခဲ့သည်။
ပြည်ထဲရေးဝန်ကြီး လောရန့် နူနက်ဇ်က ရာထူးမှ နုတ်ထွက်ရန် ကမ်းလှမ်းခဲ့သော်လည်း သမ္မတ မက်ခရွန်က ၎င်းကို ငြင်းပယ်လိုက်ကြောင်း မက်ခရွန်၏ ရုံးက အောက်တိုဘာလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
နေထိုင်စားသောက်စရိတ် မြင့်တက်လာမှု ပြဿနာများကြောင့် အခြားဥရောပနိုင်ငံများတွ အီတလီ၊ ဘယ်လ်ဂျီယံနှင့် အယ်လ်ဘေးနီးယား အပါအဝင် အခြားဥရောပနိုင်ငံအချို့တွင်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များ၌ ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့သည်။
ဥရောပနိုင်ငံ အစိုးရများက ပြင်သစ်နိုင်ငံသို့ ခရီးသွားမည့် ၎င်းတို့၏ နိုင်ငံသားများအား လူအုပ်စုကြီးများ ရှိရာနေရာကို ရှောင်ရှားကြရန်နှင့် သတိထားသွားလာကြရန် အကြံပြုထားသည်။
Ref: Reuters
