သက်တံ့
၂၀. ၁၀. ၂၀၂၆
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ၎င်း၏သမီးဖြစ်သူနှင့်အတူ တနင်္လာနေ့ (အောက်တိုဘာ ၁၉ ရက်) က အဝတ်အထည်နှင့် ဖိနပ်ပြပွဲတစ်ခုသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ဆိုရှယ်မီဒီယာများပေါ်တွင် အောက်တိုဘာ ၁၈ ရက်ကပင် ကင်ဂျုံအန် သေဆုံးသွားပြီဟူသော အခြေအမြစ်မရှိသည့် ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် ဤကဲ့သို့ တက်ရောက်မှုကို ထုတ်ပြန်လာခြင်း ဖြစ်သည်။
ယင်းကောလာဟလများသည် တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်သည့် နာမည်ကြီး အကောင့်အနည်းဆုံး နှစ်ခုက ကင်ဂျုံအန် ဦးနှောက်သွေးယိုစီးမှုဖြစ်ကာ သေဆုံးသွားခဲ့ပြီ သို့မဟုတ် ကိုမာ (Coma) ဖြစ်သွားကာ ပေကျင်းမြို့ရှိ ဆေးရုံတစ်ရုံသို့ အရေးပေါ် ပို့ဆောင်ခံခဲ့ရကြောင်း အထောက်အထားမပြဘဲ စွပ်စွဲပြောဆိုခဲ့ကြပြီးနောက် တနင်္ဂနွေနေ့မှ တနင်္လာနေ့အတွင်း ဆိုရှယ်မီဒီယာပလက်ဖောင်း X (တွစ်တာ) တွင် စတင်ပျံ့နှံ့ခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနနှင့် NK News တို့ မျှဝေခဲ့သော ပုံများတွင် ကင်ဂျုံအန်က ဖိနပ်များနှင့် အမျိုးသမီးဝတ်စုံများကို စစ်ဆေးနေသည်ကို ပြသထားသည်။ ထိုပုံများ၌ ကင်ဂျုံအန်သည် အဝတ်အထည်နှင့် ဖိနပ်ပြပွဲတစ်ခုတွင် အရာရှိများအား လက်ဟန်ခြေဟန်ဖြင့် ရှင်းပြနေပြီး အမျိုးသမီးဝတ် ကုတ်အင်္ကျီများကို စစ်ဆေးနေသည်ဟု ထင်ရသော တက်ကြွပုံရသည့် အနေအထားတွင် ရှိနေသည်။


မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာများက ကင်ဂျုံအန်သည် တနင်္လာနေ့တွင် “အပေါ့စားစက်မှုလုပ်ငန်းကဏ္ဍ၏ အဝတ်အထည်နှင့် ဖိနပ်ပြပွဲကျင်းပရာနေရာသို့ လှည့်လည်ကြည့်ရှုခဲ့သည်” ဟု ဖော်ပြခဲ့ပြီး နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော ဓာတ်ပုံများအရ အဆိုပါခရီးစဉ်တွင် ကင်ဂျုံအန်နှင့်အတူ သမီးဖြစ်သူ ဂျူအေး (Ju-ae) နှင့် ဇနီးဖြစ်သူ ရီဆိုးလ်ဂျူ (Ri Sol-ju) တို့ ပါဝင်လိုက်ပါခဲ့ကြသည်။
New York Post ၏ ဖော်ပြချက်အရ အဆိုပါ ဓာတ်ပုံများသည် အသက် ၄၂ နှစ်အရွယ်ရှိ ခေါင်းဆောင်သည် ပြင်းထန်သော ဦးနှောက်သွေးယိုစိမ့်မှု ဖြစ်ပွားခဲ့ပြီး မေ့မြောကာ ပေကျင်းမြို့သို့ အရေးပေါ် ဆေးကုသမှုခံယူရန် ပို့ဆောင်ခံရပြီးနောက် သေဆုံးသွားခဲ့သည်ဟူသော အံ့အားသင့်ဖွယ် စွပ်စွဲချက်များ အွန်လိုင်းတွင် ပျံ့နှံ့ပြီး နာရီပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
KCNA ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ပုံတစ်ပုံတွင် ကင်ဂျုံအန်သည် ပန်းရောင်ဖျော့ဖျော့ နှစ်ထပ်ကြယ်သီးပါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ဦး ကိုင်ဆောင်ထားသော ပန်းရောင် ဖိနပ်အတိုလေးကို စစ်ဆေးရန် ရှေ့သို့ ကိုင်းညွတ်နေသည်ကို တွေ့ရသည်။

နောက်ပုံတစ်ပုံတွင် မြောက်ကိုရီးယား သံမဏိခေါင်းဆောင်သည် ခြေထောက်များကို ကား၍ရပ်နေကာ လက်များကို ဆန့်တန်းလျက်၊ အရာရှိတစ်ဦးနှင့် စိတ်အားထက်သန်စွာ ပြောဆိုနေပုံရသည့်အတိုင်း ပါးစပ်ဟထားသည်ကို တွေ့ရသည်။
တတိယပုံတွင်မူ ကင်ဂျုံအွန်က ရုပ်တုတစ်ခုပေါ်တွင် စိုက်ထူပြသထားသော သံချေးရောင် အမျိုးသမီးဝတ် ကုတ်အင်္ကျီလက်ကို ဆန့်တန်းကိုင်တွယ်နေပြီး ၎င်း၏နောက်တွင် လက်ထောက်အချို့ ပါလာကြသည်ကို ဖော်ပြထားသည်။
ကင်ဂျုံအွန် လူအများရှေ့သို့ ထွက်ပေါ်လာခြင်းသည် တရုတ်ဒီမိုကရေစီပါတီနှင့် ဆက်နွှယ်နေပြီး အမေရိကန်အခြေစိုက် တရုတ်နိုင်ငံရေး ရွှေ့ပြောင်းအခြေချသူ ဝမ်ကျွန်ရှီ (Wanjun Xie) က တနင်္ဂနွေနေ့က X (တွစ်တာ) တွင် ပေါက်ကွဲစရာ စွပ်စွဲချက် အတန်းလိုက် စ၍ တင်ခဲ့ပြီးနောက်ပိုင်းတွင် ဖြစ်ပွားလာခြင်း ဖြစ်သည်။
ဝမ်ကျွန်ရှီက မြောက်ကိုရီးယားခေါင်းဆောင်သည် ဘေဂျင်းသို့ မပို့ဆောင်မီ သတိလစ်မေ့မျောသွားခဲ့ပြီး ထိုနေရာတွင် ဆရာဝန်များက ၎င်း၏ အသက်ကို မကယ်တင်နိုင်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
တရုတ်နိုင်ငံက ဆက်ခံရေး အကျပ်အတည်း ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် မြို့တော်ပြုံယမ်းသို့ တပ်သား ၉,၀၀၀ စေလွှတ်ခဲ့၍ ကင်ဂျုံအန် သေဆုံးသွားပြီဖြစ်ကြောင်းလည်း ဝမ်ကျွန်ရှီက အစပိုင်းတွင် စွပ်စွဲပြောဆိုခဲ့သည်။ ထို့အပြင် ပြင်းထန်သော ဦးနှောက်သွေးယိုစိမ့်မှု ဖြစ်ပွားပြီးနောက် ကင်ဂျုံအန်ကို ကုသရန်အတွက် စနေနေ့က ဘေဂျင်းမြို့ရှိ ပီကင်းယူနီယံဆေးကုသရေး ကောလိပ်ဆေးရုံမှ အထူးကုအဖွဲ့တစ်ဖွဲ့ကို မြောက်ကိုရီးယားသို့ စေလွှတ်ခဲ့ကြောင်းပါ ၎င်းက စွပ်စွဲခဲ့သည်။
ထို့နောက် ၎င်း၏ ရုပ်အလောင်းကို မြောက်ကိုရီးယားသို့ လျှို့ဝှက်စွာ ပြန်လည်သယ်ဆောင်သွားခဲ့သည်ဟု ရှီက ဆိုသည်။
သို့သော်လည်း ဤစွပ်စွဲချက် တစ်ခုမျှအတွက်မျှ ဆေးဘက်ဆိုင်ရာ မှတ်တမ်းများ၊ ဓာတ်ပုံများ၊ မျက်မြင်သက်သေများ သို့မဟုတ် လွတ်လပ်စွာ အတည်ပြုနိုင်သော အခြားအထောက်အထားများ မရှိခဲ့ပေ။
ဗျူရိုကရေစီနှင့် ပါတီသတင်း KCNA မှ နောက်ဆုံးထုတ်ပြန်လိုက်သော ဓာတ်ပုံများသည် မြောက်ကိုရီးယားခေါင်းဆောင်၏ ကံကြမ္မာနှင့်ပတ်သက်၍ ထင်ကြေးပေးမှုများကို ဖယ်ရှားရန် ရည်ရွယ်ပုံရသော်လည်း ပြုံယမ်းဘက်ကမူ သက်ရှိထင်ရှားပုံများ ထုတ်ပြရုံမှအပ သေဆုံးမှုသတင်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ တရားဝင် အတိအလင်း ဖြေရှင်းပြောကြားခြင်း မရှိသေးပေ။
ကင်၏ ကျန်းမာရေးသည် နိုင်ငံတကာ၏ အမြဲမပြတ် စောင့်ကြည့်မှုကို ခံနေရသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ စက်တင်ဘာလ ၃၀ ရက်နေ့က တောင်ကိုရီးယား၏ အမျိုးသားထောက်လှမ်းရေးဌာနက လွှတ်တော်အမတ်များအား ပြောကြားရာတွင် ကင်သည် အလေးချိန် ၁၄၀ ကီလိုဂရမ် (ပေါင် ၃၀၉ ခန့်) ရှိပြီး ပြင်းထန်သော ကိုယ်အလေးချိန် လွန်ကဲမှုကြောင့် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားနေကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ထောက်လှမ်းရေးအဖွဲ့ကမူ ရေတပ်ဖျက်သင်္ဘော စစ်ဆေးစဉ်အတွင်း ကင်သည် လှေကားထစ်များကို ပြေးတက်နိုင်စွမ်းရှိသည်ကို ကိုးကားဖော်ပြလျက် ကျန်းမာရေး မကောင်းသည့် သိသာထင်ရှားသော လက္ခဏာတစ်စုံတစ်ရာကို မတွေ့ရှိရသေးကြောင်း ပြောကြားခဲ့သည်။
Ref, NK News, Yonhap & Mint
