MT News
၂၀. ၁၀. ၂၀၂၆
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂၀) အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွယှဉ်တွဲနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် သက်ဆိုင်သူများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်မရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ ဆွေးနွေးမှုများမှ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်ဖြည့်စွက်ရန် ၄၃ ချက် သဘောတူနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသွားရန် နိုင်ငံတော်သမ္မတက ပေးပို့ထားပြီးဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွင်း ကွဲပြားစေသည့်အကြောင်းရင်းများကို သုတေသနပြုဖော်ထုတ်၍ နိုင်ငံရေးပါတီများ၏ ကွန်ရက်ကိုအသုံးပြုကာ လူထုစုစည်းရေး၊ ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးတွင် ပိုမိုပါဝင်လာအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဘာသာပေါင်းစုံကွဲပြားနေသော ပြည်သူများကို နိုင်ငံရေးပါတီများက ပေါင်းစည်းပေးစေလိုပြီး လူမှုသဟဇာတဖြစ်ရေးကို ဆောင်ရွက်သွားရန်လိုကြောင်း၊ အလုပ်အဖွဲ့အနေဖြင့် နေရပ်စွန့်ခွာသူများအား ကူညီဆောင်ရွက်ပေးနိုင်ရေး လှုပ်ရှားမှုများကို သီးခြားဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း၊ နေရပ်ပြန်မည့် နေရပ်စွန့်ခွာသူများအတွက် ရေရှည်အသက်မွေးဝမ်းကျောင်းဆိုင်ရာ မူဝါဒများ ဆွေးနွေးရန်နှင့် အစိုးရ၏ လုပ်ဆောင်ချက်များတွင် ပေါင်းစပ်အကူအညီပေးစေလိုကြောင်း၊ ကယား၊ ချင်း၊ ပအိုဝ်း ဒေသများရှိပြည်သူများ၏ နေရပ်ပြန်ရေး၊ လုံခြုံရေး၊ စားဝတ်နေရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကို ကူညီဖြေရှင်းပေးစေလိုကြောင်း၊ နိုင်ငံရေးပါတီများသည် ပြည်သူလူထုကိုယ်စားပြုသော အဖွဲ့အစည်းဖြစ်ကြောင်း၊ မီဒီယာကိုအသုံးချ၍ အစိုးရနှင့် ပြည်သူ၊ တပ်မတော်နှင့် ပြည်သူ၊ ပြည်သူနှင့်ပြည်သူအကြား အမြင်ကွဲပြားအောင် ဆောင်ရွက်နေကြကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကုန်စည်စီးဆင်းမှု ကောင်းမွန်ရေးအတွက် ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြတောင်းဆိုချက်များအပေါ်တွင် လိုအပ်သလို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးနေကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင် ဒေါက်တာ အောင်မြတ်ဦးက နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်ဆွေးနွေးဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီ အစုအဖွဲ့ကို စုဖွဲ့မှုပုံစံအသစ်စုဖွဲ့ ပေးထားသဖြင့် တွေ့ဆုံဆွေးနွေးမှုသည် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ ယခင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေးသာ ဆွေးနွေးခဲ့ကြပြီး ယခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ ပါဝင်ဆောင်ရွက်ခွင့်ပေးသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံရေးပါတီများအနေဖြင့် မည်သို့ဖွဲ့စည်းပြီး မည်သို့ပါဝင်ဆောင်ရွက်သွား သင့်သည်ဆိုသည်ကို ဆွေးနွေးသွားကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများမှ မိမိတို့ဒေသ အတွင်းရှိ ပြည်သူလူထုအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုပါဝင်ဆောင်ရွက်ရေး ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း၊ ပဋိပက္ခဒဏ်ခံစားနေကြရသော ဒေသခံပြည်သူများ၏ လိုလားချက်များ၊ တောင်းဆိုမှုများအား သိရှိအောင်ဆောင်ရွက်ပြီး လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်ပေးသွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆွေးနွေးမှုအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြရာ နိုင်ငံရေးပါတီများ အစုအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အားလုံးပါဝင်ရေးအတွက် ကြားဝင်စေ့စပ်ဆောင်ရွက်ရာတွင် ပါတီအစုအဖွဲ့မှ လုပ်ဆောင်သွားမည့် အစီအစဉ်ကို အချင်းချင်းညှိနှိုင်းပြီး ညှိနှိုင်းရေးကော်မတီသို့ တင်ပြသွားမည့်ကိစ္စ၊ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အမြင်သဘောထားများကို ဆန်းစစ်ကောက်ယူ ဆောင်ရွက်သွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြားဝင်ဆောင်ရွက်ပေးနိုင်မည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ချိတ်ဆက်ဆောင်ရွက်သွားရေး၊ ယုံကြည်မှုတည်ဆောက်နိုင်ရန် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးရန်လိုပြီး အစိုးရနှင့် ပြည်သူအကြား လူမှုသဟဇာတ ဖြစ်ပေါ်စေရေးအစီအမံများ ချမှတ်ဆောင်ရွက်ရေးနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများအပါအဝင် နိုင်ငံရေးပါတီများကို ဒေသအလိုက် ငြိမ်းချမ်းရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်ဆောင်ရွက်သွားမည့်ကိစ္စတို့ကို ဆွေးနွေးကြသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်က ရှင်းလင်းဆွေးနွေးရာတွင် နိုင်ငံရေးပါတီများအနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ်တွင် ကျယ်ပြန့်စွာ သိရှိနားလည်ပြီး နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ငြိမ်းချမ်း ရေးမူဝါဒများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၏ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ပိုမိုလေးနက်စွာနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပိုမိုအထောက်အကူပြုရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ မပါဝင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရေး၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဖြေရှင်းရေး၊ ဒေသအလိုက်မတူညီသော အခြေအနေများအပေါ်အခြေခံပြီး နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့ အစည်းများ တိုင်းဒေသကြီး / ပြည်နယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်နည်းလမ်းများ၊ မီဒီယာနှင့် လူထုထိတွေ့ဆက်ဆံရေး လိုအပ်ချက်များနှင့် နိုင်ငံရေးပါတီများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း တင်ပြဆွေးနွေးသည်။
ယင်းနောက် ပထမနေ့ဆွေးနွေးပွဲကို ရပ်နားပြီး ဆွေးနွေးပွဲ ဒုတိယနေ့ကို အောက်တိုဘာ ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
