၂၁.၁၀.၂၀၂၆
Written by Linn Eain
ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းပါက တင်တောင်းငွေကျပ် သိန်း ၁၀၀ ရရှိမည့်အပြင် လစဉ်ထောက်ပံ့ကြေးရရှိမည်ဟု ပြောဆိုစည်းရုံးပြီး အမျိုးသမီးတစ်ဦးကို ကိုရီးယားသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သည့် အမျိုးသမီးနှစ်ဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်၊ မြရတနာ (၅) လမ်းနေ အမျိုးသမီးတစ်ဦးကို ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းရပ်ကွက် ထီးတန်းကမ်းနားလမ်းနေ သိမ့်သိမ့်နွေးနှင့် ကြည့်မြင်တိုင်မြို့နယ်၊ ဝဇီယာ(၆)လမ်းနေ အေးအေးဝင်းတို့က ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းပါက တင်တောင်းငွေ ကျပ်သိန်း ၁၀၀ ရရှိမည်၊ လစဉ်ထောက်ပံ့ကြေးရရှိရေးနှင့် ကိုရီးယားနိုင်ငံ၌ မိသားစုများအလုပ်ရရှိရေးဆောင်ရွက်ပေးမည်ဟု ပြောဆိုစည်းရုံးပြီး ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ဆောင်ရွက်ခဲ့သည်ဟု စိစစ်ပေါ်ပေါက်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှ တရားလိုပြုလုပ် တိုင်းတန်းခဲ့ပြီး (ပ)၁၀၈/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုရီယားဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန်စီစဉ်ဆောင်ရွက်ခဲ့သည့် ကြည့်မြင်တိုင်မြို့နယ် အမျိုးသမီးနှစ်ဦးအနက် သိမ့်သိမ့်နွေးကို ဖမ်းဆီးရမိခဲ့ပြီး အေးအေးဝင်းမှ တိမ်းရှောင်ထွက်ပြေးနေကာ အမှုကို အလုံခရိုင်တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းနောက် အလုံခရိုင်တရားရုံးက ဖမ်းမိတရားခံ သိမ့်သိမ့်နွေးကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန် အောက်တိုဘာ ၁၉ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ အေးအေးဝင်းကို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ ဝရမ်းအတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
