၂၁.၁၀.၂၀၂၆
Translated by Htwe Ko Tun
ယူကရိန်းနိုင်ငံမှ အသုံးပြုနေသည့် စက်ပစ္စည်းကိရိယာများက ဂြိုဟ်တုကွန်ရက်သို့ ချိတ်ဆက်ရာတွင် အသုံးပြုနိုင်သည့် အမြန်နှုန်းကို ဘီလျံနာ အီလွန်မာ့စ်ခ်က ကန့်သတ်ချက် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း Wall Street Journal သတင်းစာက ဖော်ပြခဲ့သည်။
နည်းပညာလုပ်ငန်းရှင် ဘီလျံနာ အီလွန်မာ့စ်ခ်က ယူကရိန်းနိုင်ငံက အားထားအသုံးပြုနေသည့် SpaceX ၏ စစ်ဘက်သုံး Starlink ဂြိုဟ်တုဝန်ဆောင်မှု အမြန်နှုန်းကို လျှော့ချရန် ညွှန်ကြားခဲ့ကြောင်း အမေရိကန် အရာရှိများကို ကိုးကား၍ Wall Street Journal သတင်းစာက အောက်တိုဘာလ ၂၀ ရက်တွင် ဖော်ပြခဲ့သည်။
ယူကရိန်းနိုင်ငံသည် စစ်မြေပြင် ဆက်သွယ်ရေးနှင့် ဒရုန်းစစ်ဆင်ရေးများအတွက် Starlink ကို အသုံးပြုလျက်ရှိသည်။ ဝန်ဆောင်မှုကို ကန့်သတ်လိုက်ခြင်းက ရုရှားနိုင်ငံကို ဆန့်ကျင်သည့် ယူကရိန်း၏ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး မစ်ရှင်များကို ကန့်သတ်လိုက်ခြင်းပင် ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က ယူကရိန်းနိုင်ငံသုံး စက်ပစ္စည်းကိရိယာများက ဂြိုဟ်တုကွန်ရက်သို့ ချိတ်ဆက်ရာတွင် အသုံးပြုနိုင်သည့် အမြန်နှုန်းကို မာ့စ်ခ်က ကန့်သတ်သတ်မှတ်ပေးလိုက်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်များကို ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။
ဤလုပ်ဆောင်ချက်ကြောင့် တိုက်ခိုက်ရေးဒရုန်းအချို့နှင့် ရန်သူ့ဒရုန်းများကို ကြားဖြတ်တားဆီးသည့် ဒရုန်းများသည် အသုံးမဝင်သလောက် ဖြစ်သွားခဲ့သည်ဟုလည်း ဆိုသည်။
ဝန်ဆောင်မှုအမြန်နှုန်း လျှော့ချလိုက်ကြောင်း လူသိရှင်ကြား ဖြစ်လာပြီး မကြာမီမှာပင် မာ့စ်ခ်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်တို့သည် ဖုန်းပြောဆိုမှုတစ်ခုအတွင်း Starlink ဆိုင်ရာ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း လူနှစ်ဦးက Wall Street Journal သို့ ပြောကြားခဲ့ကြသည်။
မာ့စ်ခ်သည် ၎င်းသဘောဖြင့် ၎င်းတစ်ဦးတည်း ဆုံးဖြတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယူကရိန်းကို လက်တုံ့ပြန်ရန် ထရမ့်ပ်က တိကျသော ညွှန်ကြားချက်ပေးခဲ့ခြင်း မဟုတ်ကြောင်း အမေရိကန် အရာရှိအချို့က ယူဆကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။ သို့သော် အခြေအနေကို သိရှိသူတစ်ဦး၏ ပြောကြားချက်အရ မာ့စ်ခ်သည် အမြန်နှုန်း ကန့်သတ်ချက် မချမှတ်မီကပင် ထရမ့်ပ် အပါအဝင် အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများနှင့် ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
မကြာသေးမီ သီတင်းပတ်များအတွင်း ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံရှိ ဒီဇယ်ဆီချက်စက်ရုံများကို တိုက်ခိုက်ခဲ့ခြင်းအပေါ် မာ့စ်ခ်နှင့် ထရမ့်ပ် နှစ်ဦးစလုံးက ဒေါသထွက်ခဲ့ကြသည်။ စွမ်းအင်ဈေးနှုန်းများ မြင့်တက်နေခြင်းမှာ ယူကရိန်း၏ ထိုလုပ်ရပ်ကြောင့် ဖြစ်သည်ဟု သမ္မတ ထရမ့်ပ်က အပြစ်တင်ထားသည်။
ယူကရိန်းနိုင်ငံအနေဖြင့် Starlink ဝန်ဆောင်မှုကို ဆုံးရှုံးသွားရခြင်းအတွက် မိမိ သို့မဟုတ် မာ့စ်ခ်တို့တွင် တာဝန်ရှိသည်ဟု မထင်ကြောင်း ထရမ့်ပ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့ပြီးနောက် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
အင်တာနက်အမြန်နှုန်း သို့မဟုတ် အသုံးပြုမှုအပေါ် ကန့်သတ်ချက်များ ချမှတ်ခြင်းမှာ အမေရိကန်စစ်တပ် သို့မဟုတ် သမ္မတ၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း မာ့စ်ခ်က ပြောကြားထားသည်။
ယခုသတင်းနှင့် ပတ်သက်၍မူ မာ့စ်ခ် ၊ SpaceX ကုမ္ပဏီနှင့် အိမ်ဖြူတော်တို့က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် နော်ဝေနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများသည် အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ဖြစ်ခဲ့ကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့ပြီးနောက် အမေရိကန် ကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်သည် အောက်တိုဘာလ ၂၁ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ယူကရိန်းအနေဖြင့် စစ်ပွဲကို အဆုံးသတ်ရမည့် အချိန်တန်ပြီဟု ပြောကြားထားသည်။
Ref-Reuters
