၂၁.၁၀.၂၀၂၆
Translated by Htwe Ko Tun
ဥရောပနိုင်ငံအများအပြားတွင် အကြောင်းအမျိုးမျိုးကြောင့် အစိုးရများအပေါ် မကျေနပ်မှုများ မြင့်တက်ကာ ဆန္ဒပြပွဲများ ဖြစ်ပေါ်နေချိန်တွင် ဥရောပအိမ်နီးချင်း နှစ်နိုင်ငံဖြစ်သော ပေါ်တူဂီနိုင်ငံနှင့် စပိန်နိုင်ငံတို့တွင်လည်း အိမ်ရာကိစ္စနှင့် ပတ်သက်သည့် ပြည်သူများ၏ ဆန္ဒပြမှုများလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ပေါ်တူဂီနိုင်ငံတွင် ရဲတပ်ဖွဲ့က ဆန္ဒပြတဲထိုးစခန်းများကို ဖယ်ရှားရှင်းလင်းပြီး အနည်းဆုံး လူပေါင်း ၅၅ ဦးကို ဖမ်းဆီးခဲ့သော်လည်း နိုင်ငံအတွင်း ဈေးနှုန်းသက်သာသော အိမ်ရာများ ရရှိရေးအတွက် ၎င်းတို့၏ လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆန္ဒပြသူများက ကတိပြုပြောကြားခဲ့ကြသည်။
ရဲတပ်ဖွဲ့က ဆန္ဒပြစခန်းများကို ဖျက်သိမ်းပြီး ဆန္ဒပြသူအနည်းဆုံး ၅၅ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် အောက်တိုဘာလ ၂၀ ရက် ညနေပိုင်းတွင် လစ်စဘွန်း၊ ပေါ်တိုနှင့် အခြားသော ပေါ်တူဂီမြို့ကြီးများ၌ လူထောင်ပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြသည်။


ပေါ်တူဂီနိုင်ငံတွင် အိမ်ရာပြဿနာမှာ ပိုမိုဆိုးရွားလာနေပြီး နေအိမ်တစ်လုံး ဝယ်ယူရန် သို့မဟုတ် ငှားရမ်းရန်မှာ လူအများအတွက် မတတ်နိုင်လောက်အောင် ဈေးနှုန်းကြီးမြင့်လာနေရာ ထိုအခြေအနေကို ဆန့်ကျင်သည့်အနေဖြင့် ၎င်းတို့၏ လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆန္ဒပြသမားများက ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ဘက်က လူဦးရေ ခန့်မှန်းချက်ကို ထုတ်ပြန်ခြင်း မရှိသော်လည်း အဓိက ဆန္ဒပြနေရာ နှစ်ခုအနက် တစ်ခုစီတွင် လူ ၁,၀၀၀ ကျော် စုဝေးခဲ့ကြကြောင်း စီစဉ်သူများက ပြောကြားသည်။
အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုကြောင့် ဒေသခံများ အခက်အခဲကြုံတွေ့နေရချိန်တွင် ဆန္ဒပြသူများက ဈေးနှုန်းသက်သာသော အိမ်ရာများရရှိရေး တောင်းဆိုနေကြခြင်းဖြစ်သည်။
လစ်စဘွန်းမြို့လယ်ရှိ Rossio ရင်ပြင်တွင် ဆန္ဒပြသူများက အောက်တိုဘာလ ၂၁ ရက် ဗုဒ္ဓဟူးနေ့၌ ၎င်းတို့၏ ဆန္ဒပြတဲထိုးစခန်းကို ပြန်လည်ထူထောင်ရန် လက်မြှောက်မဲပေး ဆုံးဖြတ်ခဲ့ကြသည်။
ဆန္ဒပြသူများ၏ စခန်းများသည် တရားမဝင်ကြောင်း သတိပေးပြီးနောက် အောက်တိုဘာလ ၂၀ ရက် နံနက် ၆ နာရီ (GMT အချိန် ၀၅:၀၀ နာရီ) မတိုင်မီ အချိန်အနည်းငယ်အလိုတွင် ရဲတပ်ဖွဲ့က လစ်စဘွန်းနှင့် ပေါ်တိုမြို့များ၌ စနစ်တကျ စီစဉ်ထားသော စစ်ဆင်ရေးများကို စတင်ခဲ့သည်။
တက်ကြွလှုပ်ရှားသူများက အောက်တိုဘာလ ၁၇ ရက်ကစ၍ လစ်စဘွန်းမြို့ရှိ Rossio ရင်ပြင်ကို နေရာယူထားခဲ့ပြီး တဲပေါင်း ၂၀၀ ခန့် ထိုးထားခဲ့ကြသည်။ ပေါ်တိုမြို့တွင်မူ ဆန္ဒပြသူများသည် Dom Joao I ရင်ပြင်၌ ၁၀ ရက်ခန့် စခန်းချနေထိုင်ခဲ့ကြသည်။
ရဲတပ်ဖွဲ့၏စစ်ဆင်ရေးအတွင်း အာဏာပိုင်များက တဲထိုးစခန်းအဆောက်အအုံ ၂၂၈ ခုကို သိမ်းဆည်းခဲ့သည်။
ပေါ်တိုမြို့တွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖြေရှင်းမည်ဟု သတိပေးလိုက်သည့်အခါ ဆန္ဒပြသူများက ၎င်းတို့၏ တဲများကို ကိုယ်တိုင် ဖျက်သိမ်းခဲ့ကြသည်။ လစ်စဘွန်းမြို့တွင်မူ ဆန္ဒပြသူများက လူချင်းလက်ချင်းချိတ်ဆက်၍ လူ့ကွင်းဆက် ဖွဲ့စည်း ကာရံထားစဉ် ရဲတပ်ဖွဲ့ဝင်များက ရင်ပြင်ကို ရှင်းလင်းခဲ့သည်။
ထို့နောက်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း ရုပ်သံလိုင်းများက ထုတ်လွှင့်ပြသသည့် ရုပ်သံမှတ်တမ်းများကဖော်ပြခဲ့သည်။
ပေါ်တူဂီပြည်သူများအဖို့ ၂၀၁၇ ခုနှစ်မှစတင်၍ အိမ်ခြံမြေ ဝယ်ယူဈေးနှုန်းများသည် နှစ်ဆကျော် မြင့်တက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် အိမ်ငှားရမ်းခသစ်များမှာလည်း နှစ်ဆနီးပါး မြင့်တက်လာခဲ့သည်။ ဤပြဿနာက လစ်စဘွန်းနှင့် ပေါ်တိုကဲ့သို့သော မြို့ကြီးများတွင် အထူးပင် ဆိုးရွားလျက်ရှိပြီး ထိုမြို့များရှိ ဒေသခံများသည် ခရီးသွားလုပ်ငန်း အလွန်အကျွံ ကြီးထွားလာခြင်းနှင့် နေရာတစ်ခုထဲတွင် အခြေချနေထိုင်ခြင်းမရှိဘဲ အင်တာနက်အသုံးပြု၍ နေရာအနှံ့ ခရီးသွားရင်း အလုပ်လုပ်ကိုင်သူများ အများအပြား ဝင်ရောက်လာခြင်းတို့ကို ဆန့်ကျင်ကန့် ကွက်မှုများ ပြုလုပ်လျက်ရှိကြသည်။
ဆန္ဒပြသူများက အလယ်အလတ်-လက်ယာယိမ်း အစိုးရအနေဖြင့် ဤအကျပ်အတည်းကို ဖြေရှင်းပေးရန် ပျက်ကွက်နေသည်ဟုလည်း စွပ်စွဲပြောဆိုခဲ့ကြသည်။
၎င်းတို့သည် အိမ်ငှားများကို နေအိမ်မှ နှင်ထုတ်ရန် ပိုမိုလွယ်ကူစေမည့်အပြင် အိမ်ငှားရမ်းခသစ်များအပေါ် ကန့်သတ်ချက် (Rent caps) များကိုပါ ပယ်ဖျက်မည့် ဥပဒေကြမ်းတစ်ခုကို ရုပ်သိမ်းပေးရန် တောင်းဆိုနေကြသည်။ အဆိုပါ ဥပဒေကြမ်းသည် လွှတ်တော်တွင် ပထမအဆင့် ဖတ်ကြားအတည်ပြုခြင်းကို ဖြတ်သန်းပြီး ဖြစ်သည်။
ထို့ပြင် ပေါ်တူဂီနိုင်ငံရှိ ဆန္ဒပြသူများက ၎င်းတို့၏ လှုပ်ရှားမှုကို အိမ်နီးချင်း စပိန်နိုင်ငံတွင် ဖြစ်ပွားနေသော အလားတူ ဆန္ဒပြလှုပ်ရှားမှုများနှင့် ပူးပေါင်းချိတ်ဆက်ရန် ကြိုးပမ်းလျက်ရှိသည်။
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင်လည်း တက်ကြွလှုပ်ရှားသူများက အိမ်ရာအကျပ်အတည်းကို ဖြေရှင်းရန် ပိုမိုခိုင်မာသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုသည့်အနေဖြင့် တဲများထိုးကာ စခန်းချ ဆန္ဒပြလျက်ရှိကြသည်။ ဤအကျပ်အတည်းသည် မာရီယာ ဒယ်လ်ကာမန်အဘာစကယ်လ် ဆိုသူ အမျိုးသမီးတစ်ဦး ၎င်း၏ နေအိမ်မှ နှင်ထုတ်ခံရပြီးနောက် စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
စပိန်တွင် ရက်သတ္တပတ် လေးပတ်နီးပါးကြာ ဆန္ဒပြမှုများသည် နိုင်ငံရေးမတည်ငြိမ်မှုများကို ဖြစ်ပေါ်စေပြီး ဆန္ဒပြသမားများက အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၂၉ ရက်တွင် ရုတ်ချည်းကျင်းပပေးရန် တောင်းဆိုခဲ့သည်။
ထိုအချိန်တွင် ပြင်သစ်၊ အယ်လ်ဘေးနီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံတို့တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။
Ref: Reuters, AFP

