၂၁.၁၀.၂၀၂၆
Written by Linn Eain
စားအုန်းဆီများ လူတစ်ဦး တစ်လလျှင် ၅၀ ကျပ်သား (တစ်နှစ်လျှင် ခြောက်ပိဿာနှုန်း) စနစ်တကျဖြန့်ဖြူးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်နှင့် ၂ ရာခိုင်နှုန်း အမြတ်ထက် မပိုသောစျေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးက မှာကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရာတွင် နိုင်ငံတော်၏မူဝါဒနှင့်အညီ စနစ်တကျဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၀ ရက်၊ မွန်းလွဲပိုင်းက မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးက ထိုသို့မှာကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးစိုးဦးက “ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများသို့ စားအုန်းဆီများဖြန့်ဖြူးရာတွင် မူဝါဒနှင့်အညီ လူတစ်ဦး တစ်နှစ်လျှင် ခြောက်ပိဿာနှုန်း (လူတစ်ဦး တစ်လလျှင် ၅၀ ကျပ်သား) ဖြင့် စနစ်တကျဖြန့်ဖြူးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်က ယခုကဲ့သို့ မူဝါဒချမှတ်ရခြင်းမှာ နိုင်ငံသားများ၏ ဆီစားသုံးမှုသည် ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက်ဖြစ်ပါကြောင်း” ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်မှ သတ်မှတ်ထားသည့် မူဝါဒနှင့် အညီ ဖြန့်ဖြူးဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးဆီဖြန့်ဖြူးခွင့်ရ ကုမ္ပဏီများ၊ လက်ကား/ လက်လီကိုယ်စားလှယ်များ ဝိုင်းဝန်းလိုက်ပါဆောင်ရွက်ရန်နှင့် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်အတိုင်း ဒေသအရောက် ဈေးနှုန်းအပေါ် ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည် ဖြန့်ဖြူးရောင်းချရန်၊ မသမာသော နည်းလမ်းဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ကြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးစိုးဦးက မှာကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ နယ်အလိုက် စားအုန်းဆီဖြန့်ဝေမှုအခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူများသို့ စားအုန်းဆီများဖြန့်ဖြူးရာတွင် မူဝါဒနှင့်အညီ လူတစ်ဦး တစ်နှစ် ခြောက်ပိဿာနှုန်းဖြင့် စနစ်တကျဖြန့်ဖြူးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့လည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
