


၂၁.၁၀.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ (အောက်တိုဘာလ ၂၀ရက်)၊ နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ကလေးငယ်နှစ်ဦးအပါအဝင် လူ ရှစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့သည့် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုမှာ ဆီဘောက်ဆာယာဥ် နောက်ဆုတ်ရာမှ အုတ်ခုံကို တိုက်မိကာ မီးပွားထွက်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
“ဒီဇယ်ဆီလှောင်ကန်ထဲကို ဆီဖြည့်ရင်း ဆီဘောက်ဆာကားကို နောက်ဆုတ်လိုက်တာကနေ အုတ်ခုံနဲ့သွားတိုက်မိတာ၊ အဲ့ဒီကနေ မီးပွားထွက်ရင်း ဆီလှောင်ကန်ကို ပြန်လောင်တာ”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် အသက် ငါးနှစ်အရွယ် ကလေးငယ် နှစ်ဦး အပါအဝင် ငါးဦး၊ တရုတ်နိုင်ငံမှ မီးသတ်တပ်ဖွဲ့ဝင် သုံး ဦး၊ စုစုပေါင်း ရှစ်ဦး မီးလောင်ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး စက်သုံးဆီနှင့် စက်သုံးဆီဆိုင်လည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် မြန်မာ တရုတ် နှစ်နိုင်ငံပေါင်း ရှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အပြင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၆၃၉ သိန်းခန့် ရှိခဲ့ကြောင်း သိရသည်။
အချိန် ခုနစ်နာရီကျော်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကို မူဆယ်ခရိုင်နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့မှ အုပ်ချုပ်မှုယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် ရှစ်စီး၊ ရေသယ်ယာဉ် ၂၁ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံများ အပြင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့ဘက်မှ မီးငြှိမ်းသတ်ယာဉ် ဆယ်စီးကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ငါးနာရီခွဲခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
UWSA နှင့် TNLA ထိန်းချုပ်မီဒီယာများက မုံးပေါ်စက်သုံးဆီဆိုင်၏ ဆီသိုလှောင်ကန်မှ မီးစတင်လောင်ကျွမ်းသည်ဟု ဖော်ပြခဲ့သည့် အဆိုပါ စက်သုံးဆီဆိုင် မီးလောင်မှုအတွက် ဆိုင်ရှင်အမျိုးသမီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
