၅.၁၂.၂၀၂၅
Written by Hey Mar
ပျဉ်းမနားမှာ ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက် နှစ်ညဆက်တိုက် ကားနဲ့ ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာနဲ့ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရတယ်လို့ ပျဉ်းမနားမြို့အခြေစိုက် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့က ဆိုင်ကယ်အဓိကအားထား အသုံးပြုတဲ့ နယ်မြို့တစ်မြို့အသွင်မို့ အခုလို ဆိုင်ကယ်မတော်တဆမှုတွေ မကြာခဏလည်း ဖြစ်ပွားလေ့ရှိတာပါ။ အဆိုပါ နှစ်ရက်အတွင်း ဖြစ်ပွားတဲ့ မတော်တဆမှု နှစ်ခုစလုံးက ဆိုင်ကယ်တွေ သတ်မှတ်စည်းကမ်းနဲ့အညီ စီးနင်းခြင်းမရှိတာကြောင့် အခုလို ဖြစ်ပွားရတာလို့ ပျဉ်းမနားအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူကဆိုပါတယ်။

တာဝန်ရှိသူက “တစ်နေ့ကညက ကြံဖတ်လမ်းမှာဖြစ်တာ။ ဆိုင်ကယ်နှစ်ဦးတိုက်တာမှာ ကျား တစ်ဦး၊ မ နှစ်ဦး ဒဏ်ရာပြင်းတယ်။ အရှိန်နဲ့ တိုက်မိတာရော၊ ဆိုင်ကယ်ဦးထုပ်မပါတာရောကြောင့်။ မနေ့က ၄ ရက်နေ့ကတော့ ပေါင်းလောင်း၊ ဂျူကန်ထိပ်မှာဖြစ်သွားတာ ကားက လမ်းကြောပြောင်းပြန်ရောက်သွားပုံရတယ်။ မျက်နှာချင်းဆိုင်တိုက်တာ။ ဆေးကုနေရင်း ဆိုင်ကယ်သမား ဆုံးတယ်” လို့ MT News ကို ပြောပါတယ်။
မနေ့က ညကဖြစ်ပွားခဲ့တဲ့အိမ်စီးကားနဲ့ ဆိုင်ကယ်တိုက်မိမှုမှာတော့ ကားသမားမောင်းပြေးပေမယ့်လည်း သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နှစ်ခုစလုံးက ညအချိန် ဖြစ်ပွားတာဖြစ်ပြီး ဆိုင်ကယ်စီး ဦးထုပ်၊ အချက်ပြမီး စသဖြင့် ဆိုင်ကယ်တစ်စီးမှာရှိရမယ့် သတ်မှတ်ချက်တွေ မပြည့်စုံတာကိုလည်း လူမှုကူညီရေးအသင်းက အခုလို အကြံပြု သတိပေးစကားဆိုပါတယ်။
“ကျွန်တော်တို့ဆီက ဆိုင်ကယ်အဓိက အားပြုရတဲ့ နေရာ။ သတ်မှတ်ချက်တွေနဲ့ ညီတဲ့ ဆိုင်ကယ်တွေကိုပဲ စီးသင့်တယ်။ အဲဒီလိုပြောလို့ လိုင်စင်ဘီးဖြစ်ခြင်း၊ မဖြစ်ခြင်းကို ပြောတာမဟုတ်ပါဘူး။ မီးမပါ၊ ဘာမပါနဲ့ ဆိုင်ကယ်ကို တရကြမ်းမောင်းတော့ မတော်တဆမှု ဖြစ်လာတဲ့အခါ နှစ်ဖက်စလုံး မလိုလားအပ်တာတွေ ဖြစ်လာတယ်”လို့ ဆိုပါတယ်။
