နေမိုး
၅. ၁၂. ၂၀၂၅
NUG ဩဇာခံ ရေစကြို PDF လက်နက်ကိုင်အဖွဲ့ဖြစ်သော ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမျိုးသားတစ်ဦးကို တပ်ရေးဗိုလ်ကြီးဟု တံဆိပ်ကပ်ကာ ဖမ်းဆီးပြီးနောက် ခုခံသည်ဟု တံဆိပ်ကပ်ကာ ပစ်သတ်လိုက်သလို PDF များ ပစ်သတ်ခံလိုက်ရသည့်အမျိုးသားတွင်ပါရှိသော ဆိုင်ကယ်၊ ကျပ်သုံးသိန်းနှင့် ဖုန်းများအပြင် ပါရှိပစ္စည်းအားလုံး လုယက်လိုက်သည်ဟု ကျူးလွန်သည့် PDF အဖွဲ့က ယနေ့ဝန်ခံသည်။
ကျူးလွန်သည့် ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ယနေ့ ဝန်ခံချက်အရ ဒီဇင်ဘာလ ၃ ရက် ညနေ ၄ နာရီအချိန်ခန့်တွင် ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာ၊ ဘိလိယက်ခုံတွင် ကျူထိုးနေသည့် ခလရ(၂၅၇)မှ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး(ခ) A2 အား သွားရောက်ဖမ်းဆီး ခေါ်ဆောင်ခဲ့စဉ် လမ်းတစ်နေရာတွင် PDF များ၏ လက်နက်အား လုယက်၍ ပြန်လည်ခုခံခဲ့သောကြောင့် အဆိုပါ တပ်ရေးဗိုလ်ကြီးသက်နိုင်ဦးအား နေရာတင်ပင် သတ်ဖြတ်လိုက်ကြောင်းနှင့် တပ်ရေးဗိုလ်ကြီးသက်နိုင်ဦးဆိုသူထံမှ ဆိုင်ကယ်တစ်စီး၊ ဖုန်းသုံးလုံး၊ ငွေသား သုံးသိန်းနှင့် မှတ်ပုံတင် နှစ်ခုတို့အား သိမ်းဆည်းရမိခဲ့သည်ဟု ဝန်ခံချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရေစကြို PDF တို့က တပ်ရေးဗိုလ်ကြီးသက်နိုင်ဦးဟု တံဆိပ်ကပ်ကာ အမျိုးသားတစ်ဦးအား သတ်ဖြတ်လုယက်မှုနှင့်ပတ်သက်၍ MT News က ကျူးလွန်ခံရသူမှာ တပ်ရေးဗိုလ်ကြီးသက်နိုင်ဦး အမှန်တကယ်ဟုတ်မဟုတ် မြေပြင်အတည်ပြုဆဲသာဖြစ်ပြီး လက်ရှိဖော်ပြချက်မှာ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ကျူးလွန်မှုကိုကိုသာ ယင်းတို့၏ ဝန်ခံချက်အရ ဖော်ပြခြင်းဖြစ်သည်။



