၃.၁၁.၂၀၂၆
Written by Thiri
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု ၂ မှု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး နှစ်ရက်အတွင်း စုစုပေါင်း ယာဉ်တိုက်မှု ၃ မှုအထိ ရှိလာခဲ့ပေမဲ့ ခရီးသည်တွေတော့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) သာ ရရှိခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်က မိုင်တိုင် ၂၄၇/၇ နဲ့ ၂၄၈/၀ အကြားမှာ Suzuki Carry Pickup ယာဉ်တစ်စီး ရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်း သစ်ပင်ကို တိုက်မိခဲ့ရာ ယာဉ်ပေါ်ပါသူ ၄ ဦး (ကျား ၁၊ မ ၃) ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နံနက် ၉ နာရီခန့်ကလည်း မိုင်တိုင် ၁၂/၂ နဲ့ ၁၂/၃ အကြားမှာ လူ ၁၀ ဦး လိုက်ပါလာတဲ့ Toyota Townace Light Truck ယာဉ်တစ်စီး ရှေ့ယာဉ်ကို ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကျော်လွန်ကာ တစ်ဖက်လမ်းဆီ ရောက်ရှိ တိမ်းမှောက်ခဲ့တာကြောင့် လိုက်ပါသူတွေ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြတယ်လို့ သိရပါတယ်။



ယာဉ်မတော်တဆမှု အများစုမှာ လမ်းပေါ်မရောက်မီ ယာဉ်ကြံ့ခိုင်မှု မစစ်ဆေးခြင်း၊ သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း၊ ကျော်တက်စဉ် အရှိန်မထိန်းနိုင်ခြင်းနဲ့ ဘီးပေါက်ခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်းလည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်အသိပေးပါတယ်။
အမြန်လမ်း အသုံးပြုသူများအနေနဲ့ ထိုင်ခုံခါးပတ် စနစ်တကျပတ်ရန်၊ သတ်မှတ် လူဦးရေထက် ပိုမတင်ရန်နဲ့ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်နှုန်းထား တွေဖြစ်တဲ့ မှန်လုံခရီးသည်တင် ယာဉ်ကြီးတွေ 90 km/hr၊ လူစီးယာဉ်ငယ်များ 100 km/hr နဲ့ ကုန်တင်/ပစ်ကပ် ယာဉ်တွေ 60 km/hr အောက်သာ မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးထားပါတယ်။
မနေ့က နိုဝင်ဘာလဆန်း ၂ ရက်နေ့ (ညသန်းခေါင်) အလွန် ၃ ရက်နေ့ အကူးမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်၂၆၇/၂နှင့် ၂၆၇/၃အကြား၊ (နေပြည်တော်မှမန္တလေးသို့) အသွားလမ်းပေါ် 9C-7309 ဖြူစိမ်းကြား SCANIA အမျိုးအစား ရွှေအိုးစည် ခရီးသည်တင်ယာဉ်ဟာ အခင်းဖြစ်မိုင်တိုင်အရောက်မှာ Steering Column Cross Ball Bearing ပျက်စီးသဖြင့် ထိန်းချုပ်မရဖြစ်ပြီး လမ်းလယ်ကျွန်းတံတားလက်ရမ်းကို ဝင်တိုက်တဲ့ ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အပျက်အစီး များပြားခဲ့တဲ့အတွက် ခရီးသွား ပြည်သူတွေနဲ့ ယာဉ်မောင်းတွေအနေနဲ့ အသက်အိုးအိမ် စည်းစိမ် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို အထူးဂရုပြု လိုက်နာမောင်းနှင်ကြဖို့လည်း နှိုးဆော်ထားပါတယ်။




