သက်တံ့
၃. ၁၁. ၂၀၂၆
ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့က အိုမန်ကမ်းလွန်ပင်လယ်ပြင်တွင် သင်္ဘောသား ၁၄ ဦး လိုက်ပါလာသော အိန္ဒိယအလံတင် အထွေထွေကုန်တင်သင်္ဘော (General Cargo Ship) တစ်စင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အိန္ဒိယသင်္ဘောသားတစ်ဦး သေဆုံးခဲ့သော်လည်း အခြား ၁၃ ဦးကို အိုမန်ကမ်းခြေစောင့်တပ်က ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ ဂူဂျာရတ်ပြည်နယ်တွင် နေထိုင်သူ ဂန္ဓာ နာဟင် အာဂျစ် (Gandhar Nahim Ajij) ဖြစ်ကြောင်း အိန္ဒိယဆိပ်ကမ်းများ၊ သင်္ဘောများနှင့် ရေကြောင်းလမ်းဝန်ကြီးဌာန (Ministry of Ports, Shipping and Waterways) ပြည်ထောင်စုဝန်ကြီး ဆာဘန်ဒါ ဆိုနိုဝါလ် (Sarbananda Sonowal) က အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး မိသားစုဝင်များထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
“နိုဝင်ဘာ ၂ ရက်နေ့က အိန္ဒိယသင်္ဘောသား ၁၄ ဦး လိုက်ပါလာသော အိန္ဒိယရေယာဉ် AL JUSUFI သည် အိုမန်ကမ်းခြေအနီးတွင် သွားလာနေစဉ် အမည်မသိ လေကြောင်းမှ ပစ္စည်းတစ်ခုဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ သင်္ဘောသား ၁၃ ဦး ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ပြီး အိုမန်ကမ်းခြေစောင့်တပ်က ကယ်ဆယ်နိုင်ခဲ့သော်လည်း၊ ကျွန်ုပ်တို့၏ သင်္ဘောသားတစ်ဦးဖြစ်သူ ဂူဂျာရတ်ပြည်နယ်မှ ဂန္ဓာ နာဟင် အာဂျစ်မှာ ရရှိခဲ့သော ဒဏ်ရာများကြောင့် ဝမ်းနည်းဖွယ်ကောင်းစွာ သေဆုံးသွားခဲ့ကြောင်း အသိပေးအပ်ပါသည်။ ဤကဲ့သို့ ကြီးမားလှသော ဝမ်းနည်းကြေကွဲရသည့် အချိန်အခါတွင် သူ၏ မိသားစုဝင်များနှင့် ချစ်ခင်ရသူများထံ ကျွန်ုပ်၏ ရိုးသားစေတနာ အပြည့်ဖြင့် ဝမ်းနည်းကြောင်း ဝေမျှခံစားရပါသည်။ ဝန်ကြီးဌာနနှင့် အိုမန်နိုင်ငံရှိ အိန္ဒိယသံရုံးတို့အနေဖြင့် အသက်ရှင်ကျန်ရစ်သူ ၁၃ ဦးအတွက် ချက်ချင်းအကူအညီများ ရရှိစေရေးနှင့် အသက်ရှင်ကျန်ရစ်သူများရော၊ သေဆုံးသွားသော ကျွန်ုပ်တို့၏ သင်္ဘောသား၏ ရုပ်အလောင်းကိုပါ နိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိပါသည်။” ဟု ဆာဘန်ဒါ ဆိုနိုဝါလ် (@sarbanandsonwal) က ယနေ့ အသိပေးခဲ့သည်။
အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အရှေ့အလယ်ပိုင်း စစ်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက တီဟီရန်မြို့သည် အဆိုပါရေလက်ကြားမှတစ်ဆင့် ရေကြောင်းသွားလာမှုကို ကန့်သတ်ခဲ့သည်။
ကမ္ဘာ့ရေနံလိုအပ်ချက်၏ ငါးပုံတစ်ပုံခန့်ကို ပုံမှန်တင်ဆောင်ပေးနေသည့် ကျဉ်းမြောင်းသော ရေကြောင်းလမ်းကြောင်းသည် ပဋိပက္ခ၏ ဗဟိုချက်မ ဖြစ်လာခဲ့ပြီး သင်္ဘောများသည် အီရန်၏ ပစ်ခတ်မှုကို ပုံမှန်ခံနေရသည်။
မေလကလည်း အိုမန်ရေပြင်တွင် အမည်မသိ တိုက်ခိုက်မှုတစ်ခုကြောင့် အိန္ဒိယပိုင် ရေယာဉ်တစ်စင်း နစ်မြုပ်သွားခဲ့ဖူးသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါဖြစ်ရပ်ကို “လက်ခံနိုင်စရာမရှိ” ကြောင်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ ဖေဖော်ဝါရီ ၂၈ ရက် စစ်ပွဲစတင်ချိန်မှစ၍ သင်္ဘောသား ၁၄ ဦး အပါအဝင် အိန္ဒိယနိုင်ငံသား အများဆုံး ၂၂ ဦးမှာ သင်္ဘောများနှင့် ရေနံတင်သင်္ဘောများကို အီရန် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ပြီးဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဓိယာ ဂျိုင်ဆဝဲလ် (Randhir Jaiswal) က ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် “အနောက်အာရှမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ကျနော်တို့ အလွန်အမင်း စိုးရိမ်ပူပန်နေပါတယ်။ သင်္ဘောသား ၁၄ ဦး အပါအဝင် အိန္ဒိယနိုင်ငံသား ၂၂ ဦး ဒီပဋိပက္ခမှာ ဆုံးရှုံးခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံအနေဖြင့် ကုန်သွယ်ရေကြောင်း ရေယာဉ်များအပေါ် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဒေသတွင်းရှိ သင်္ဘောသားများ၏ အသက်အန္တရာယ် လုံခြုံစိတ်ချရရေးအတွက် စုပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
Ref: News 18, AFP , PTI & Reuters
