၃.၁၁.၂၀၂၆
Translated by Htwe Ko Tun
ယူကရိန်းကို ထောက်ပံ့ကူညီရန် ဖွဲ့စည်းထားသည့် နိုင်ငံပေါင်းစုံပါဝင်သော တပ်ဖွဲ့သစ်တစ်ခု၏ ပထမဆုံး စစ်ရေးလေ့ကျင့်မှုကို ဥရောပနိုင်ငံ ၁၀ နိုင်ငံမှ တပ်ဖွဲ့ဝင် ၂,၈၀၀ ခန့်က ယခုလအတွင်း ပိုလန်နိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယူကေ (ယူနိုက်တက်ကင်းဒမ်း)နှင့် ပြင်သစ်အစိုးရများက နိုဝင်ဘာလ ၃ ရက်တွင် ပြောကြားခဲ့ကြသည်။
ပိုလန်နိုင်ငံသည် ဤစစ်ရေးလေ့ကျင့်မှုကို လက်ခံကျင်းပပေးမည်ဖြစ်ပြီး ၎င်း၏ တပ်ဖွဲ့ဝင်များလည်း ပါဝင်လေ့ကျင့်သွားမည်ဖြစ်သည်။
ပြင်သစ်နှင့် ယူကေတို့ ဦးဆောင်သည့် ဤနိုင်ငံပေါင်းစုံပါဝင်သော ယူကရိန်းဆိုင်ရာ တပ်ဖွဲ့တွင် တိုက်ခိုက်ရေးဆိုင်ရာ ရည်မှန်းချက်များ မပါဝင်ဟု ဆိုသည်။ စစ်ပွဲကို အဆုံးသတ်ရန် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီးမှသာ ဤတပ်ဖွဲ့ကို နေရာချထားမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ပဲရစ်မြို့၌ စစ်ဆင်ရေးဆိုင်ရာ ဌာနချုပ်တစ်ခု ရှိသော ဤတပ်ဖွဲ့ ၏ လေ့ကျင့်မှုက နေတိုးစစ်အုပ်စု၏ စစ်ဆင်ရေးတစ်ခု မဟုတ်သလို အမေရိကန်ပြည်ထောင်စု၏ ပါဝင်ပတ်သက်မှုလည်း မရှိသလောက် အလွန်နည်းပါးကြောင်း သိရသည်။
၎င်း၏ ရည်ရွယ်ချက်မှာ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များကို ထောက်ပံ့ကူညီရန်၊ ယူကရိန်းနိုင်ငံ၏ ဝေဟင်ပိုင်နက် လုံခြုံရေးကို အာမခံချက်ပေးရန်နှင့် ပင်လယ်နက်ဒေသအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ဖြစ်သည်။
သို့သော် ပိုလန်ဘာသာစကားဖြင့် “မဟာမိတ်အဖွဲ့” ဟု အဓိပ္ပာယ်ရသည့် “Koalicja” ဟု အမည် ပေးထားသော ဤစစ်ရေးလေ့ကျင့်မှု၏ အတိုင်းအတာနှင့် ကြာမြင့်ချိန်တို့သည် ရုရှားနိုင်ငံကို ဒေါသထွက်စေနိုင်သည့် အန္တရာယ်ရှိနေသည်။ လက်ရှိအချိန်အထိ ရုရှားဘက်က ငြိမ်းချမ်းရေးရယူရန် စိတ်ဝင်စားမှု မပြသသေးပေ။
“ဤစစ်ရေးလေ့ကျင့်မှုသည် စစ်ပွဲများ ပြီးဆုံးသွားသည့်အခါ ယူကရိန်းကို ကူညီထောက်ပံ့ရန်အတွက် နိုင်ငံအများအပြားအနေဖြင့် ကုန်းကြောင်း၊ ရေကြောင်းနှင့် ဝေဟင်တို့တွင် တပ်ဖွဲ့များကို မည်မျှမြန်ဆန် ထိရောက်စွာ ဖြန့်ကြက်နိုင်သည်ကို စမ်းသပ်ခွင့်ပြုလိမ့်မည်” ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
“ဒါက စိတ်ကူးယဉ် အစီအစဉ်တစ်ခု မဟုတ်ပါဘူး။ တကယ်ရှိနေတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီး တိုက်ပွဲတွေ ရပ်တန့်သွားတဲ့အခါ ယူကရိန်းကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်” ဟု ယူကေကာကွယ်ရေးဝန်ကြီး ဝက်စ် စထရိတင်းက ပြောကြားခဲ့ကြောင်း ယူကေဘက်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဤစစ်ရေးလေ့ကျင့်မှုကို ယူကရိန်းနယ်စပ်နှင့် မဝေးလှသော ပိုလန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသတွင် နိုဝင်ဘာလ ၉ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားပြီး တပ်ဖွဲ့ဝင် ၂,၈၀၀ ဦး ပါဝင်မည်ဖြစ်သည်။ အများဆုံး ပါဝင်မည့်အဖွဲ့မှာ ပြင်သစ်နိုင်ငံမှဖြစ်ပြီး တပ်ဖွဲ့ဝင် ၁,၁၀၀ ဦး ပါဝင်မည်ဖြစ်ကာ ယူကေနိုင်ငံကလည်း တပ်ဖွဲ့ဝင် ၃၀၀ ဦးကို စေလွှတ်မည်ဖြစ်သည်။
မဟာမိတ်တပ်ဖွဲ့၏ ဤပထမဆုံး စစ်ရေးလေ့ကျင့်မှုသည် “အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး တိုက်ပွဲများ ရပ်စဲသွားသည်နှင့်တစ်ပြိုင်နက် နိုင်ငံပေါင်းစုံ တပ်ဖွဲ့အနေဖြင့် ချက်ချင်း ဝင်ရောက်နေရာယူနိုင်စွမ်းရှိကြောင်း လက်တွေ့ပြသနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်း ပြင်သစ်ဗိုလ်ချုပ်ကြီး အာမယ်လ် ဒီရိုက ပြောကြားခဲ့သည်။ ၎င်းသည် ဗြိတိန်မှ ဒုတိယဗိုလ်ချုပ်ကြီး တွမ်ဘိတ်မန်း နှင့်အတူ ဤလေ့ကျင့်မှုကို ပူးတွဲဦးဆောင်မည်ဖြစ်သည်။
ယူကရိန်းနယ်စပ်၏ အနောက်ဘက် ကီလိုမီတာ ၁၀၀ (မိုင် ၆၀ ခန့်) အကွာတွင်ရှိသော နိုဝါဒီဘာ မြို့တစ်ဝိုက်၌ ဘယ်လ်ဂျီယံ၊ အက်စ်တိုးနီးယား၊ ဂျာမနီ၊ ပြင်သစ်၊ လစ်သူယေးနီးယား၊ နယ်သာလန်၊ ပိုလန်၊ စပိန်၊ ဆွီဒင်နှင့် ယူကေနိုင်ငံတို့မှ တပ်ဖွဲ့ဝင်များ ပါဝင်ကာ လေကြောင်းနှင့် မြေပြင် စစ်ဆင်ရေးများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင်၊ ပင်လယ်နက်အတွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်မှု အခြေအနေကို စမ်းသပ်ရန် တူရကီနိုင်ငံက ဦးဆောင်ကာ အစ္စတန်ဘူလ်မြို့မှတစ်ဆင့် ရေကြောင်းဆိုင်ရာ လေ့ကျင့်မှုတစ်ခုကို ပြုလုပ်သွားမည်ဖြစ်သည်။ ပိုလန်နိုင်ငံ၌ ပြုလုပ်မည့် မြေပြင် စစ်ရေးလေ့ကျင့်မှုတွင် တူရကီတပ်ဖွဲ့ဝင်များ ပါဝင်မည်မဟုတ်ကြောင်းလည်း ထပ်လောင်းဖော်ပြထားသည်။
Ref: AFP
