
MT News
၁. ၁၁. ၂၀၂၆
လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ပြည်ပရောက်မြန်မာနိုင်ငံလုပ်သားများ၏ ငွေလွှဲပို့မှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ကြောင်း FATF က ဆုံးဖြတ်လိုက်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခုထုတ်ပြန်သည်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ၂၆-၁၀-၂၀၂၆ ရက်မှ ၃၀-၁၀-၂၀၂၆ ရက်အထိ ကျင်းပခဲ့သည့် ငွေကြေး ဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(Financial Action Task Force-FATF)၏ မျက်နှာစုံညီအစည်း အဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် FATF မှ ချမှတ်ထားသည့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံ (Action Plan) ၁၅ ချက်အနက် ၁၃ ချက်အား ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး FATF က အများပြည်သူသို့ ထုတ်ပြန်ကြေညာချက်အား ၃၀-၁၀-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ပြည်ပရောက်မြန်မာနိုင်ငံလုပ်သားများ၏ ငွေလွှဲပို့မှုများကို အဆင်ပြေချောမွေ့စေရေး ဆောင်ရွက် ပေးသွားရန် အဖွဲ့ဝင်နိုင်ငံများသို့ တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျန်ရှိသည့်အချက် ၂ ချက်အား ပြီးပြတ်အောင် ဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင်ငွေကြေး စီးဆင်းမှုများကို ထိထိရောက်ရောက်တားဆီးရေး တိုက်တွန်းထားသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက ဦးဆောင်ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ FATF အဖွဲ့ဝင် နိုင်ငံကြီးများက ထောက်ခံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
