၂.၁၁.၂၀၂၆
Written by Linn Eain
ယာယီမင်္ဂလာစျေးမှ ဆိုင်ခန်းများကို ဖျက်သိမ်း၍ အဆင့်မြင့် မင်္ဂလာစျေးကြီးအတွင်း ဆိုင်ခန်းများ စတင်ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း နိုဝင်ဘာ ၂ ရက်တွင် သိရသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့်ရှိ မင်္ဂလာစျေးကြီးသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် မီးလောင်ကျွမ်းပြီးနောက် အသစ်ပြန်တည်ဆောက်ခဲ့ရာ ၁၀ နှစ်အကြာတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။



မင်္ဂလာဈေးကြီးရှိ ဆိုင်ခန်းများသို့ ပြောင်းရွှေ့ကာ ပြန်လည်ဖွင့်လှစ်ရောင်းချခြင်းနှင့်ပတ်သက်၍ အခကြေးငွေတစ်စုံတစ်ရာပေးဆောင်ရန်မလိုကြောင်းနှင့် တောင်းခံလာပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးတာဝန်ခံများသို့ ဖုန်းများဖြင့် တိုက်ရိုက်သို့ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း အသိပေးကြေညာထားသည်။
ထို့ပြင် မင်္ဂလာစျေးကြီး၏ မြေညီထပ်မှ စတုတ္ထထပ်အထိ တစ်ထပ်လျှင် ၅ ပေ × ၅ ပေ ပတ်လည် စျေးဆိုင်ခန်းပေါင်း ၇၀၀ ကျော်မှ ၈၀၀ ကျော်အထိရှိပြီး Underground နှင့် ကျန်အထပ်မြင့်များတွင် ၁၀ ပေ × ၁၀ ပေ ပတ်လည် စျေးဆိုင်ခန်းများတည်ရှိကြောင်း သိရသည်။
မင်္ဂလာစျေးကြီးမှ ၅ ပေ × ၅ ပေပတ်လည်ဆိုင်ခန်းပိုင်ရှင်တစ်ဦးက “ကျွန်တော်တို့ဆိုင်ခန်းတွေက စျေးသူ၊ စျေးသားတွေရဲ့ ဆိုင်ခန်းတွေပါ။ စည်ပင်ကနေ အရင်ထဲက ယူထားတွေပါ။ အခု ကိုယ့်အခန်းကိုယ် နေရာချတာ၊ ပစ္စည်းရွှေ့တာ၊ ကျောက်ပြားခင်းတာတွေ ကိုယ့်ဘာသာကိုယ်လုပ်ရတာဖြစ်တယ်။ အရင် ယာယီစျေးနေရာက အကုန်ဖျက်လိုက်ပြီဆိုတော့ ဒီပေါ်မှာ အကုန်ရွှေ့ပြောင်းပြီး ရောင်းနေကြပါတယ်။ ၁၀ ပေ ပတ်လည်ဆိုင်ခန်းတွေက ကုမ္ပဏီပိုင်တွေပါ။ မြေအောက်ထပ်နဲ့ အပေါ်အလွှာတွေမှာရှိတယ်။ ဝယ်လို့ရတယ်။ ကျွန်တော်တို့စျေးသူ၊ စျေးသားအခန်းတွေကတော့ အရင်ထဲက ပိုင်ရှင်ရှိပြီးသားတွေပါ” ဟု ပြောကြားခဲ့သည်။
စျေးဆိုင်ခန်းများပြင်ဆင်ရာတွင် မြေညီ၊ ပထမ၊ ဒုတိယ၊ တတိယထပ်ရှိ ဆိုင်ခန်းများအတွင်း ပစ္စည်းတင်စင်အား ၉ ပေအမြင့်အထိသာ ထားရှိရန်၊ စတုတ္ထထပ်ရှိဆိုင်ခန်းအတွင်း ပစ္စည်းတင်စင်ဘီရိုများထားရှိ ပြင်ဆင်ရာတွင် ၆ ပေအမြင့် မှန်ပုံးဖြင့်ထားရှိရန်နှင့် အလုံပိတ်ထားခြင်း မပြုလုပ်ရန်၊ ကြမ်းခင်းအား ကြွေ၊ သစ်သား၊ ပါကေးဖြင့် ပြင်ဆင်နိုင်ပြီးဆိုင်ခုံအား ၂ ပေ x ၆ လက်မ အမြင့် သံထည် (သို့မဟုတ်) သစ်သားဖြင့် ပြုလုပ်နိုင်(အုတ်ဖြင့်ပြုလုပ်၍မရပါ)၊ သံထည်ခုံ၊ သစ်သားခုံများအား ပြင်ပတွင် အသင့်ပြုလုပ်ပြီးမှ ဆိုင်ခန်းအတွင်း ထည့်သွင်းရန်တို့ကို မင်္ဂလာစျေးကြီး တာဝန်ရှိသူများက မေတ္တာရပ်ခံ အသိပေးထားသည်။





