
သက်တံ့
၃၁. ၁၀. ၂၀၂၆
ယာဉ်လိုင်းပြေးဆွဲနေချိန် ခရီးသည်လုရင်း ထိုးကြိတ်ရန်ဖြစ်ခဲ့တဲ့ YBS ၈၉ နဲ့ YBS ၅၇ ယာဉ်လိုင်းနှစ်ခုက ယာဉ်မောင်းနှစ်ဦးကို စုံခုံဖွဲ့ စစ်ဆေးအရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က တွဲဘက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားပါတယ်။
ဒီဖြစ်စဥ်က မနေ့က အောက်တိုဘာ ၃၀ ရက်မှာ YBS ၈၉ နဲ့ YBS ၅၇ က ယာဥ်မောင်းနှစ်ဦး ခရီးသည်လုရင်း ရန်ကုန်မြို့လယ်မှာ ထိုးနှက်တိုက်ခိုက်တယ်ဆိုတဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာပါ။
YBS ၈၉ ဟာ ရန်ကုန်တိုင်းအစိုးရရှယ်ယာပါတဲ့ YBPC လက်အောက်ခံယာဥ်လိုင်းပါ။ သာကေတကနေ ကြည့်မြင်တိုင်ကို ပြေးဆွဲပေးတာဖြစ်ပြီး YBS ၅၇ မြို့တွင်းပတ်ကားက ရွှေရန်ကုန် (GYCT) အများပိုင်ကုမ္ပဏီကဖြစ်ပြီး ယာဥ်လိုင်းနှစ်ခုဟာ မှတ်တိုင်ဆယ်ခုလောက်ပဲ တူတာရှိပါတယ်။
ဒီဖြစ်ရပ်မှာတော့ သိမ်ကြီးစျေးမှတ်တိုင်မှာဖြစ်ခဲ့တယ်လို့ ယူဆရပြီး ရှေ့မှာရပ်နေတဲ့ YBS ၅၇ ဆီကို YBS ၈၇ က နောက်က ကပ်ရပ်ပြီး ယာဥ်မောင်းက ဆဲဆို ဆင်းလာကာ YBS ၅၇ ယာဥ်ပေါ်တက် စတင်ထိုးကြိတ်ချိန် YBS ၅၇ ယာဥ်မောင်းက ဂွလိုယူဆရတဲ့ အရာနဲ့ ရိုက်နှက်ရင်း ပြန်လည်ထိုးကြိတ်ပြီး ခဏအကြာမှာတော့ YBS ၈၉ ယာဥ်မောင်းဟာ ခေါင်းကွဲသွားတဲ့အသွင်နဲ့ ခေါင်းကို ပုဆိုးနဲ့သုတ်ပြီး ပြန်ဆင်းလာတာ တွေ့ရပါတယ်။
TikTok မှာတော့ ဒီဖြစ်စဥ်က အောက်တိုဘာ ၂၉ ရက်မနက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး YBS ၅၇ ယာဥ်လိုင်းက တစ်လမ်းလုံး ပိတ်မောင်းကာ လူလုတင်ခဲ့တာကြောင့် YBS ၈၉ က ယာဥ်မောင်းက ဒေါသထွက်ပြီး ကားပေါ်တက်ထိုးခဲ့တာလို့ ဆိုပါတယ်။
“ရန်ဖြစ်တဲ့ YBS ယာဉ်မောင်းနှစ်ယောက် စုံစမ်းစစ်ဆေး ခုံရုံးဖွဲ့ပြီး စစ်ဆေးအရေးယူပါမည်”လို့ ဦးလျန်ကျင့်မန်က ပြောကြားပါတယ်။
ဒီဖြစ်စဥ်အပေါ် GYCT က တောင်းပန်ထားပြီး YBPC ဘက်ကတော့ အခုအချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
