
၃၁.၁၀.၂၀၂၆
Written by Linn
ပြည်ပရောက် မြန်မာအလုပ်သမားများမှ မိသားစုထံသို့ လွှဲပို့ငွေများ တရားဝင်လမ်းကြောင်းမှ မှန်ကန်စွာဝင်ရောက်နိုင်မည့် စနစ်တစ်ခုတည်ဆောက်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ပြောကြားခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနတွင် အောက်တိုဘာ ၃၀ ရက်က ပြုလုပ်ခဲ့သည့် ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှတစ်ဆင့်မှန်ကန်စွာဝင်ရောက်နိုင်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြည်ပရောက်မြန်မာအလုပ်သမားများမှ ၎င်းတို့၏ မိသားစုထံသို့ လွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ မှန်ကန်စွာဝင်ရောက်နိုင်မည့်စနစ်တစ်ခုတည်ဆောက်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်သားများ၏ မိသားစုလွှဲပို့ငွေများကို မိမိဆန္ဒအလျောက် တရားဝင်ဘဏ်လမ်းကြောင်းများမှတစ်ဆင့် စနစ်တကျလွှဲပို့နိုင်ရေး အခြားနိုင်ငံများတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ထုတ်ပေးရေးစခန်းငါးခုကို အောက်တိုဘာ ၁၄ ရက်မှ စတင်ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး CI စာအုပ်လာရောက် လျှောက်ထားသည့်အလုပ်သမားများ၏ အနည်းဆုံး ဝင်ငွေခွန်တစ်နှစ်စာနှင့် မိသားစုလွှဲပို့ငွေသုံးလစာလွှဲပို့ထားသည့် အထောက်အထားများကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ CI လာရောက်ပြုလုပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို True Money၊ 2C2P Wave၊ K+Bank၊ Karsikorn Bank၊ Dee Money အစရှိသည့် ငွေလွှဲလုပ်ငန်းများမှ လွှဲပို့ထားသည်ကိုတွေ့ရှိရပြီး ငွေလွှဲအထောက်အထားများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ပေးပို့၍ သက်ဆိုင်ရာဌာနမှ ဆက်လက်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာ A.D လိုင်စင်ရဘဏ်များနှင့် RBL လိုင်စင်ရငွေလွှဲလုပ်ငန်းများအနေဖြင့် မိမိတို့နှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်ပငွေလွှဲလုပ်ငန်းများအပေါ် အမျိုးသားအကျိုးစီးပွားအဖြစ်အလေးထား၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် ဒုတိယဝန်ကြီး ဦးမျိုးအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ Authorized Dealer-AD လိုင်စင်ရပုဂ္ဂလိကဘဏ်များ၊ Remittance Business License-RBL လိုင်စင်ရငွေလွှဲလုပ်ငန်းများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ မိသားစုလွှဲပို့ငွေများကို တရားဝင်ဘဏ်စနစ်များမှတစ်ဆင့် ပြန်လည်လွှဲပို့ပေးနိုင်ရေးအတွက်အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒုတိယဝန်ကြီးကလည်း ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံတော်အတွက် အရေးပါသောအခန်းကဏ္ဍမှာပါဝင်သည့် ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏မိသားစုများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်၊ ဂုဏ်သိက္ခာရှိသောရွှေ့ပြောင်းသွားလာမှုဖြစ်စေရန်၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကူညီစောင့်ရှောက်ရေးနှင့် မိသားစုလွှဲပို့ငွေများ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတစ်ဆင့် စနစ်တကျဝင်ရောက်နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
