
သတိုး
၃၁. ၁၀. ၂၀၂၆
ပြည်ထောင်စုနယ်မြေ နေပြည်တော်အား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် မြို့ပြတစ်ခုအဖြစ် တည်ဆောက်ရေး၊ လမ်းတံတားနှင့် အထင်ကရအဆောက်အဦများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ တည်ဆောက်ရေးတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ နေပြည်တော်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေးစဉ် လမ်းညွှန်မှာကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။
နိုင်ငံတော်သမ္မတ၏ အဓိက လမ်းညွှန်မှာကြားချက်များမှာ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင်လမ်းသစ်နှင့် လမ်းတံတားများ အဆင့်မြှင့်တင်ရေးအတွက် လေဆိပ်အဝင်လမ်းသစ်နှင့် ရုံးပင်ချောင်းတံတားတို့ကို အနာဂတ်ယာဉ်အသွားအလာ တိုးတက်လာနိုင်မှုအပေါ် ထည့်သွင်းတွက်ချက်၍ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ တည်ဆောက်ရန်၊ လေဆိပ် ဝင်ထွက်လမ်းများ၊ လမ်းတံတားကြံ့ခိုင်မှု၊ လမ်းပခုံးမြေသားနံရံများကို စနစ်တကျ စီမံတည်ဆောက်ရန် မှာကြားခဲ့သည်။
ထို့အတူ ပြည်သူ့ရင်ပြင်ကို မြို့တော်အင်္ဂါရပ်နှင့်အညီ တည်ဆောက်ရေးအတွက် ပြည်သူ့ရင်ပြင်တွင် အထင်ကရပုဂ္ဂိုလ်များ၏ ရုပ်တုများ၊ စကျင်ကျောက်ရုပ်လုံးရုပ်ကြွများ၊ ပန်းခြံများ၊ လျှောက်လမ်းများ၊ ဖျော်ဖြေရေးရင်ပြင်၊ Shop House များနှင့် ယာဉ်ရပ်နားရန်နေရာများကို စနစ်တကျ ထည့်သွင်းတည်ဆောက်ရန်၊ ရုပ်တုနှင့် ရုပ်လုံးရုပ်ကြွများအတွက် မြန်မာမှုအနုပညာရှင်ကြီးများ၏ အကြံဉာဏ်များရယူရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်ခံ့မှုရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
အလားတူ ပြည်ထောင်စုဂုဏ်ပြုဗိမာန် ခမ်းနားအဆင့်မီစွာ တည်ဆောက်ရေးကိုလည်း မှာကြားခဲ့ပြီး ပြည်ထောင်စုနိုင်ငံတော်ကို တည်ထောင်ခဲ့ကြသူများနှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး ကြိုးပမ်းခဲ့ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများအား ဂုဏ်ပြုရန် ရည်ရွယ်တည်ဆောက်သည့် ပြည်ထောင်စုဂုဏ်ပြုဗိမာန်ကို ခမ်းနားအဆင့်မီစွာ တည်ဆောက်ရန်၊ ပြည်တွင်းပြည်ပမှ လာရောက်ဂုဏ်ပြုသူများအတွက် ပန်းစည်းချဂုဏ်ပြုမည့်နေရာများနှင့် ယာဉ်ရပ်နားရန်နေရာများကို စနစ်တကျ စီမံထားရှိရန်အပြင် နေပြည်တော်အတွင်း အဓိကလမ်းမကြီးများ၊ လေဆိပ်အဝင်လမ်းသစ်နှင့် အထင်ကရအဆောက်အဦများ၏ ပတ်ဝန်းကျင်တွင် အရိပ်ရလေကာပင်များ၊ အမြဲစိမ်းသစ်ပင်များနှင့် ပန်းမန်များ စနစ်တကျစိုက်ပျိုးရန်၊ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးကို အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။
