သက်တံ့
၃၁. ၁၀. ၂၀၂၆
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဘက်သို့ တရားမဝင် မှောင်ခိုတင်ပို့ရန် ရည်ရွယ်ထားသည့် တန်ဖိုးအားဖြင့် တာကာ ၄ သိန်းခန့်ရှိသည့် ဘိလပ်မြေ တန်ချိန် ၄၀ ကို သိမ်းဆည်းရမိခဲ့ပြီး မှောင်ခိုကူးသည်ဟု ယူဆရသူ ရှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်သည်။
စစ်တကောင်းမြို့ရှိ ကာနာဖူလီရေကြောင်းလမ်းဘေးရှိ အမှတ် (၁၅) ဆိပ်ခံတံတားအနီးတွင် မနေ့က ညနေပိုင်းအချိန် အထူးစစ်ဆင်ရေး ပြုလုပ်စဉ် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်၏ မီဒီယာအရာရှိ လက်ထောက်ကွန်မန်ဒရို ဆာဘီယာ အလမ် ဆူဇန် (Lt Commander Sabbir Alam Suzan) က ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။
သတင်းပေးချက်အရ ကမ်းခြေစောင့်တပ် ပတ္တန်ဂါ (Patenga) ကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် အဆိုပါဒေသရှိ သံသယဖြစ်ဖွယ် ကုန်တင်လှေတစ်စင်းကို ရှာဖွေစစ်ဆေးခဲ့ပြီး အဆိုပါ ဘိလပ်မြေများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကမ်းခြေစောင့်တပ်သည် မှောင်ခိုကူးရာတွင် အသုံးပြုသည့် လှေကိုလည်း သိမ်းဆည်းခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူရှစ်ဦးကို ထိန်းသိမ်းစစ်ဆေးလျက် ရှိသည်။
ဖမ်းဆီးခံရသူများအပေါ် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး သိမ်းဆည်းရမိထားသော ဘိလပ်မြေများနှင့် လှေကိုလည်း နောက်ထပ်ဥပဒေကြောင်းအရ အရေးယူရန်အတွက် ဆက်လက်ထိန်းသိမ်းထားရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: Daily Star
