သတိုး
၃၁. ၁၀. ၂၀၂၆
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အပြန်အလှန်လေးစားမှုနှင့် ရေရှည်တည်တံ့သောမိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur က၂၀၂၆ ခုနှစ် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အခမ်းအနား (Indian Technical & Economic Cooperation (ITEC) Day-2026) တွင် ပြောကြားလိုက်သည်။
အဆိုပါ က၂၀၂၆ ခုနှစ် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အခမ်းအနားကို အောက်တိုဘာ ၃၀ ရက် ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒေါက်တာကံဇော်၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာစိုးဝင်း၊ ဒေါက်တာချာလီသန်းနှင့် ဦးထွန်းအုံ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur နှင့် သံရုံးတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အိန္ဒိယနိုင်ငံသံအမတ်ကြီးက အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက် မှု(ITEC)အစီအစဉ်သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်ဆက်ဆံရေး၏ အဓိကမဏ္ဍိုင်ကြီးတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ သင်တန်းသားများ အနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ၁၀ နှစ်အတွင်း ITEC မှ ဖွင့်လှစ်သည့်ကာလတိုသင်တန်း စုစုပေါင်း ၄၀၅၇ ခုသို့ ပါဝင်တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါ သင်တန်းများသည် အုပ်ချုပ်ရေး၊ ဥပဒေ၊ ခေါင်းဆောင်မှု၊ လုံခြုံရေး၊ ကျန်းမာရေး၊ ဒီဂျစ်တယ်နည်းပညာ၊ အင်္ဂလိပ်စာကျွမ်းကျင်မှု၊ စိုက်ပျိုးရေး၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် အခြားသောပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများ စသည့်ကဏ္ဍစုံကို လွှမ်းခြုံထားပြီး မြန်မာနိုင်ငံတစ်ဝန်းကျွမ်းကျင်ပညာရှင်များပေါ်ထွန်းလာစေရန် အထောက်အကူ ပြုလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အပြန်အလှန်လေးစားမှုနှင့် ရေရှည်တည်တံ့သောမိတ်ဖက်အဖြစ် ဆက်လက်တည်ရှိ နေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အတူ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (ITEC)အစီအစဉ်သည် ၁၉၆၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင်စတင်ခဲ့သဖြင့် သက်တမ်းအရှည်ကြာဆုံးနှင့် နိုင်ငံတကာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများကို မြန်မာနိုင်ငံသို့ ၁၉၉၆ ခုနှစ်မှ စတင်ပေးအပ်ခဲ့ရာ နယ်ပယ်အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ခိုင်မာအားကောင်းလာစေရေးတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့ပါ ကြောင်း၊ ကာလတို၊ ကာလရှည်သင်တန်းများအပြင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများပေးအပ် လျက်ရှိသည့်အပေါ် အသိအမှတ်ပြုပါကြောင်း၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အောင်မြင်မှုများ ဆက်လက်တည်ရှိနိုင်ရန် ဆန္ဒပြုပါကြောင်း ပြောကြားခဲ့သည်။
