သတိုး
၃၁. ၁၀. ၂၀၂၆
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရ ပိုမိုလွယ်ကူစေရန်အတွက် မြန်မာနိုင်ငံကို FATF ၏ အမည်ပျက်စာရင်း (Blacklist) မှ ပယ်ဖျက်ပေးရန် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force–FATF) ကို ဂျပန်နိုင်ငံက တွန်းအားပေးနေကြောင်း Reuters သတင်းဌာန ဖော်ပြမှုအရ သိရသည်။ ဤသည်မှာ အဓိကနိုင်ငံကြီးအချို့အနေဖြင့် မြန်မာအစိုးရနှင့် ပြန်လည်ဆက်ဆံရေး ထူထောင်လိုနေကြကြောင်း ထင်ရှားစွာ ထပ်မံပြသသည့် လက္ခဏာတစ်ရပ် ဖြစ်လာခဲ့သည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့မှ ကာကွယ်ရန်အတွက် မြန်မာနိုင်ငံနှင့် ပြုလုပ်သည့် ငွေကြေးဆိုင်ရာ ငွေလွှဲပြောင်းမှုများအပေါ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပိုမိုတင်းကျပ်သော စစ်ဆေးမှုများ (Enhanced screening) ပြုလုပ်ရန် လိုအပ်ချက်များကို FATF က ဖယ်ရှားပေးရန် ဂျပန်နိုင်ငံက လိုလားနေကြောင်း ဂျပန်အစိုးရ အရာရှိကြီးတစ်ဦးနှင့် အဆိုပါကိစ္စကို သိရှိသူ နောက်တစ်ဦးတို့က ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံကို အဆိုပါစာရင်းမှ ဖယ်ရှားလိုက်ခြင်းဖြင့် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းအပြီး အွန်လိုင်းလိမ်လည်မှုစင်တာများနှင့် တရားမဝင် ငွေကြေးစီးဆင်းမှုများကြောင့် ဆက်လက်စောင့်ကြည့်ခံနေရဆဲဖြစ်သော မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စစ်ဆေးမှုများကို ပိုမိုလွယ်ကူချောမွေ့စေမည် ဖြစ်သည်။
လက်ရှိတွင် FATF ၏ အမည်ပျက်စာရင်း၌ ပါဝင်နေသည့် အခြားသောနိုင်ငံနှစ်ခုမှာ အီရန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့သာ ဖြစ်သည်။ အဖွဲ့ဝင် ၄၀ ပါဝင်သော အဆိုပါအဖွဲ့သည် ၎င်းတို့၏ ယခုနှစ်အတွက် တတိယမြောက်နှင့် နောက်ဆုံး အထွေထွေညီလာခံ အစည်းအဝေးကို ပါရီမြို့တွင် သောကြာနေ့၌ အဆုံးသတ်မည် ဖြစ်သည်။
ဒုတိယသတင်းရင်းမြစ်က အမည်မဖော်လိုသည့် အခြေအနေဖြင့် ပြောကြားရာတွင် အနည်းဆုံး အခြားအဓိက အာရှနိုင်ငံတစ်နိုင်ငံကလည်း မြန်မာနိုင်ငံကို ပယ်ဖျက်ပေးရန် တွန်းအားပေးနေကြောင်း သိရသော်လည်း မူဝါဒအပြောင်းအလဲတစ်ခု ချက်ချင်းဖြစ်ပေါ်လာမည် ဟုတ်မဟုတ်ကိုမူ ချက်ချင်းမသိရသေးပေ။

FATF အတွင်းရေးမှူးရုံး ပြောရေးဆိုခွင့်ရှိသူက အစည်းအဝေးများ ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ဆွေးနွေးချက်များမှာ လျှို့ဝှက်ချက်ဖြစ်ကြောင်း၊ အမည်ပျက်စာရင်းနှင့် ပတ်သက်သည့် မည်သည့်အပြောင်းအလဲကိုမဆို သောကြာနေ့ အစည်းအဝေးပြီးနောက် ကြေညာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူကမူ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပြန်လည်ဖြေကြားခြင်း မရှိပေ။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းပြီးနောက် နိုင်ငံတွင်း မငြိမ်မသက်မှုများနှင့် ပြည်တွင်းနေရာအနှံ့စစ်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် အမည်ပျက်စာရင်းသို့ ထည့်သွင်းခံခဲ့ရခြင်း ဖြစ်သည်။ ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး တရားမဝင် ထုတ်လုပ်ခြင်း၊ မှောင်ခိုကူးခြင်းနှင့် စက်မှုလုပ်ငန်း ပမာဏရှိသော အွန်လိုင်းလိမ်လည်မှုကျားဖြန့်စင်တာများ ကြီးထွားလာမှုကို အဆိုပါ မငြိမ်မသက်မှုများက လှုံ့ဆော်ပေးခဲ့သည်။
မြန်မာအစိုးရကမူ ၎င်းတို့အနေဖြင့် အွန်လိုင်းလိမ်လည်မှုစင်တာများကို ထိန်းချုပ်ရန် ဘက်စုံနိုင်ငံတကာ ကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်နေကြောင်း ပြောကြားထားသည်။ ၎င်းအပြင် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် မှောင်ခိုကူးမှုများကို လက်နက်ကိုင်အဖွဲ့အစည်းများက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မဲမသမာမှု၊ အဂတိလိုက်စားမှုများဖြင့် ဒေါ်အောင်ဆန်းစုကြည် ရာထူးမှ ဖယ်ရှားခံရပြီးနောက် နိုင်ငံတကာ၏ အထီးကျန်ဖြစ်စေခံရသည့် ကာလတစ်ခုပြီးနောက် ဂျပန်နိုင်ငံအပါအဝင် အချို့သော နိုင်ငံများက မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ကြိုးပမ်းလာခြင်းမှာ နိုင်ငံတကာ၏ နောက်ဆုံးပေါ် ကြိုးပမ်းမှုတစ်ခု ဖြစ်လာသည်။

အမေရိကန်ပြည်ထောင်စုသည် အာဏာထိန်းသိမ်းပြီးနောက်ပိုင်း ပိတ်ဆို့မှုများစွာချမှတ်ခဲ့သော်လည်း ယခုကာလအတွင်း အမြင့်ဆုံးအဆင့် ထိတွေ့ဆက်ဆံမှုအဖြစ် နေပြည်တော်တွင် မြန်မာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်နှင့် ပြီးခဲ့သည့်လက တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲများတွင် အွန်လိုင်းလိမ်လည်မှုစင်တာများ ပိတ်ပင်ရေးကို အဓိကထား ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ ပေါများကြွယ်ဝသော ရှားပါးမြေရှားသတ္တု (Rare earth) သိုက်များသို့ ဝင်ရောက်ခွင့်ရရှိရေးအတွက် ညှိနှိုင်းမှုများဆီသို့ လမ်းခင်းပေးနိုင်မည့် အဆိုပါ ဆွေးနွေးမှုများကို ဤလအစောပိုင်းတွင် တိုကျိုမြို့၌ ပိုမိုလျှို့ဝှက်သော ဆွေးနွေးမှုများက အမြန်ပင် ဆက်လက်လိုက်ပါ လုပ်ဆောင်ခဲ့သည်။
အခြားသော ကုမ္ပဏီအချို့မှာ အာဏာထိန်းသိမ်းပြီးနောက် ပြန်ထွက်ခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် ကုမ္ပဏီကြီးများ၏ တည်ရှိမှုကို ဆက်လက်ထိန်းသိမ်းထားခဲ့သည့် ဂျပန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကို FATF ၏ အမည်ပျက်စာရင်းမှ ဖယ်ရှားပေးခြင်းဖြင့် နိုင်ငံများအနေဖြင့် စီးပွားရေးလုပ်ကိုင်ရန် ပိုမိုလွယ်ကူလာစေမည်ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူလာစေရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ဂျပန်အစိုးရ အရာရှိက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ချို့ယွင်းချက်များကို ဖြေရှင်းရန် သတ်မှတ်ရက် ကျော်လွန်သွားခဲ့သည့်အတွက် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ‘အရေးယူဆောင်ရွက်ရန် တောင်းဆိုခံရသည့် အန္တရာယ်ကြီးမားသော တရားစီရင်ပိုင်ခွင့်များ’ (High-Risk Jurisdictions Subject to a Call for Action) ဟု တရားဝင်ခေါ်ဆိုသော FATF ၏ အမည်ပျက်စာရင်းသို့ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါအဖွဲ့က ထိုစဥ်က ပြောကြားရာတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များ၊ တရားဝင် အမြတ်အစွန်းမယူသော လုပ်ဆောင်ချက်များနှင့် ငွေလွှဲပေးပို့မှုများအတွက် ရန်ပုံငွေများ မပျက်ပြားစေရန် သေချာစေရေးနှင့်အတူ မြန်မာနိုင်ငံနှင့် ပြုလုပ်သော စီးပွားရေး ဆက်ဆံမှုများနှင့် ငွေကြေးလွှဲပြောင်းမှုများအပေါ် ပိုမိုတင်းကျပ်သော လုပ်ထုံးလုပ်နည်းစစ်ဆေးမှုများ (Enhanced due diligence) ကို ကျင့်သုံးရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ဇွန်လက ပြုလုပ်ခဲ့သော ဆန်းစစ်ချက်တစ်ခုတွင် FATF က မြန်မာနိုင်ငံအနေဖြင့် တိုးတက်မှုအချို့ကို ပြသခဲ့သော်လည်း ငွေကြေးခဝါချမှုကို စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်မှုများ သေချာစေရေး အပါအဝင် ချို့ယွင်းချက်များကို အရေးတကြီး ဖြေရှင်းရန် လိုအပ်ဆဲဖြစ်ပြီး ဆိုက်ဘာလိမ်လည်မှုမှ တရားမဝင် ငွေကြေးစီးဆင်းမှုမှာလည်း စိုးရိမ်စရာ တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။
Ref: Reuters Via STT
