MT News
၃၁. ၁၀. ၂၀၂၆
အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန(AHA Centre)သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တို့ရှိ အိမ်ထောင်စုများထံသို့ ၂၈-၁၀-၂၀၂၆ ရက်မှ ၁၀-၁၁-၂၀၂၆ ရက်အထိ လူသားချင်းစာနာမှုအကူအညီများဖြစ်သည့် ဆန်အိတ်များ၊ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၏အကူအညီဖြင့် ဖြန့်ဝေလျက်ရှိသည်။ ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့တွင်လည်း ၁၆-၁၁-၂၀၂၆ ရက်မှ ၃၀-၁၁-၂၀၂၆ ရက်အထိ အကူအညီများ ဖြန့်ဝေသွားမည်ဖြစ်သည်။
အာဆီယံ၏ လူသားချင်းစာနာမှုအကူအညီများကို အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာနမှတစ်ဆင့် မြန်မာနိုင်ငံသို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ ပထမအဆင့်(အသက်ကယ်ဆယ်ရေး)နှင့် ဒုတိယအဆင့် (ဘဝရှင်သန်တည်မြဲရေး) ဟူ၍ အဆင့် ၂ ဆင့်ဖြင့် ပေးအပ်လျက်ရှိသည်။
ပထမအဆင့်အကူအညီများအဖြစ် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့အတွက် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆ သန်း ကျော်တန်ဖိုးရှိပစ္စည်းများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံနှင့်ကျန်းမာရေးဌာနများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အကူအညီဖြင့် ဖြန့်ဝေပေးအပ်ခဲ့ပြီး ဖြစ်သည်။
ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ (၂၀၂၃)ခုနှစ် နှင့် တိုင်ဖွန်းမုန်တိုင်းရာဂီ (၂၀၂၄ ခုနှစ်)တို့အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော်နှင့် အမေရိကန် ဒေါ်လာ ၀ ဒသမ ၇၃ သန်းကျော်တန်ဖိုးရှိ လူသားချင်းစာနာမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာအကူအညီပစ္စည်းများနှင့် မန္တလေးငလျင်ကူညီ ကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းကျော်တန်ဖိုးရှိ လူသားချင်းစာနာမှုအကူအညီများကို သဘာဝဘေးအန္တရာယ်ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် ပေးအပ်ခဲ့ပြီးဖြစ်သည်။
ဒုတိယအဆင့်အကူအညီပေးအပ်မှုကို ၂၀၂၃ ခုနှစ်၊ မေလမှစတင်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအထိ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ ၈ ဒသမ ၀၄ သန်းခန့်တန်ဖိုးရှိ အစားအစာ၊ အစားအစာမဟုတ်သည့်အကူအညီများ၊ မိသားစုသုံးပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အခြားမိတ်ဖက်အဖွဲ့ အစည်းများ၏အကူအညီဖြင့် ဖြန့်ဝေပေးအပ်ခဲ့ပြီးဖြစ်သည်။
အာဆီယံက AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီပေးအပ်မှုတန်ဖိုးမှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄ သန်းခန့်ရှိပြီဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် AHA Centre အမှုဆောင်ဒါရိုက်တာဦးဆောင်ပြီး ရန်ကုန်မြို့အခြေစိုက်အာဆီယံနိုင်ငံသံရုံးများမှ ကိုယ်စားလှယ်များပါဝင်သည့် အာဆီယံလေ့လာစောင့်ကြည့် ရေးအဖွဲ့ (ASEAN Monitoring Team- AMT) အား AHA Centre ၏ လူသားချင်းစာနာမှုအကူအညီဖြန့်ဝေပေးအပ်မှုများကို လက်တွေ့လေ့လာကြည့်ရှုနိုင်ရန်အတွက် ခွင့်ပြုပေးလျက်ရှိသည်။ အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ လက်တွေ့လေ့လာကြည့်ရှုမှု (၁၇)ကြိမ်၊ အဝေးရောက်လေ့လာကြည့်ရှုမှု (၁) ကြိမ်၊ စုစုပေါင်း (၁၈) ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန(AHA Centre)သည် အာဆီယံဒေသအတွင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုအတွက် အာဆီယံနိုင်ငံများအကြားနှင့် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ တည်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံထုတ်ပြန်ချက်(၅)ရပ်၏ အချက်(၄)ဖြစ်သည့် အာဆီယံက AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီပေးအပ်သည့် လုပ်ငန်းစဉ်များတွင် AHA Centre နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
