သက်တံ့
၃၀. ၁၀. ၂၀၂၆
မြန်မာနိုင်ငံဘက်မှ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်နှင့် ဖော့ဖရာ့ရှိ တရားမဝင် နယ်စပ်ဖြတ်ကျော်ပေါက်များမှတစ်ဆင့် ကုန်သွယ်မှုကို ထိုင်းနိုင်ငံက ၇ ရက်ကြာ ရပ်ဆိုင်းလိုက်သည်။
မြန်မာနိုင်ငံဘက်ခြမ်းတိုက်ပွဲများမှ ပစ်ခတ်လိုက်သည့် ကျည်ဆန်များ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မဲဆောက်ခရိုင်တွင် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် တာ့ခ်ပြည်နယ်အတွင်းရှိ တရားမဝင် နယ်စပ်ဖြတ်ကျော်ပေါက်များမှ တင်သွင်းမှုနှင့် တင်ပို့မှုများကို အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ၇ ရက်ကြာ ရပ်ဆိုင်းထားကြောင်း ထိုင်းနိုင်ငံက ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။
နယ်စပ်တစ်လျှောက်ရှိ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် လိုအပ်သည့် အစီအမံအားလုံးကို ချမှတ်ဆောင်ရွက်ရန် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဒေသန္တရ လုံခြုံရေးအေဂျင်စီများကို ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနုထင် ချာဝီရကွန် (Anutin Charnvirakul) က သောကြာနေ့ (အောက်တိုဘာ ၃၀ ရက်) တွင် ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများမှ ကျည်ဆန်များသည် အောက်တိုဘာလ ၂၉ ရက် (ကြာသပတေးနေ့) က ထိုင်းနိုင်ငံဘက်သို့ ကျရောက်လာခဲ့ပြီး မဲဆောက်မြို့နယ်တွင် ထိုင်းနိုင်ငံသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်နောက်ပိုင်း ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံ၏ ခေါင်းဆောင်ပိုင်းကို လက်ရှိအခြေအနေအား အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု မရှိပါက ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့၏ ကာကွယ်ရေး အစီအမံများကို ပိုမိုတင်းကျပ်သွားမည်ဖြစ်ကြောင်း အနုထင်က သတိထောက်ခဲ့သည်။

◾️ နိုဝင်ဘာ ၅ ရက်အထိ တရားမဝင် နယ်စပ်ကုန်သွယ်မှုကို ရပ်ဆိုင်းထား
နရဲစွမ်တပ်ဖွဲ့ (Naresuan Force) ၏ တပ်မှူးဖြစ်သူ ဗိုလ်ချုပ် ပရာဆန် ဟန်ပရာဆက် (Maj Gen Prasan Henprasert) က မဲဆောက်အကောက်ခွန်ဌာနသို့ အရေးပေါ် စာဖြင့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး တရားဝင်ခွင့်ပြုထားသော လမ်းကြောင်းများပြင်ပရှိ နယ်စပ်ဖြတ်ကျော်ပေါက်များမှတစ်ဆင့် ကုန်စည်တင်သွင်းခြင်းနှင့် တင်ပို့ခြင်းဆိုင်ရာ အထူးခွင့်ပြုချက်များကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
အဆိုပါ ကန့်သတ်ချက်မှာ မဲဆောက်ခရိုင်၊ သောင်ရင်းမြစ်ကူး မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား၏ တောင်ဘက်ပိုင်းဒေသများနှင့် အနီးတစ်ဝိုက်ရှိ ဖော့ဖရာ့ခရိုင်၏ အစိတ်အပိုင်းအချို့အထိ အကျုံးဝင်မည်ဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ အတည်ဖြစ်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့ပတ်ဝန်းကျင်တွင် တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုကို တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲများအတွင်းမှ ကျည်ဆန်များသည် မဲဆောက်မြို့နယ်၊ မဟာဝမ်ဒေသခွဲရှိ ဘန်ဟွေမဟာဝေါင် (Ban Huai Mahawong) အနီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ရာ ဒေသခံပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေးကို ခြိမ်းခြောက်မှုများ ရှိလာခဲ့သည်။
ယာယီကန့်သတ်ချက်မှာ နယ်စပ်လုံခြုံရေးကို ပိုမိုခိုင်မာစေရန်နှင့် တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ဝင်ရောက်ကာ တိုက်ပွဲတွင် ပါဝင်နေသည့် မည်သည့်ဘက်ကိုမဆို သွယ်ဝိုက်၍ အထောက်အပံ့ဖြစ်စေခြင်းမှ ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နရဲစွမ်တပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ အမိန့်သည် တရားမဝင် နယ်စပ်ဖြတ်ကျော်ပေါက်များမှ ကုန်စည်တင်သွင်းမှုနှင့် တင်ပို့မှုကိုသာ ရည်ရွယ်ခြင်းဖြစ်ပြီး တရားဝင်ခွင့်ပြုထားသော ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်ပေါက်အားလုံးကို လုံးဝပိတ်ပင်ခြင်း မဟုတ်သဖြင့် တရားမဝင်ကုန်သွယ်မှုကို အမှီပြုနေသော လက်နက်ကိုင်များ အထိနာစေမည်ဖြစ်သည်။

◾️ ထိုင်းတပ်ဖွဲ့ဝင်များက ၂၄ နာရီပတ်လုံး ကင်းလှည့်မှုများ တိုးမြှင့်လုပ်ဆောင်
ထိုအတောအတွင်း နရဲစွမ်တပ်ဖွဲ့၏ ကွပ်ကဲမှုအောက်တွင် လှုပ်ရှားနေသော ရတ်ချမနူ အထူးတပ်ဖွဲ့ (Ratchamanu Task Force) သည် နယ်စပ်တစ်လျှောက်နှင့် ထိခိုက်လွယ်သော လူ့အသိုင်းအဝိုင်းများအတွင်း လုံခြုံရေး ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
ခြေလျင်တပ်ရင်း (၁၄၃၁) နှင့် (၁၄၁၃) မှ တပ်ဖွဲ့ဝင်များ၊ အမြန်တုံ့ပြန်ရေး ယူနစ်များနှင့် ရိန်းဂျား တပ်ဖွဲ့ဝင်များကို နယ်စပ်လမ်းကြောင်းများနှင့် ရွာတွင်းလမ်းများ၊ အထူးသဖြင့် ညဘက်အချိန်များတွင် စောင့်ကြည့်ရန် စေလွှတ်ထားသည်။
ကင်းလှည့်ရာတွင် အမြန်သွားလာနိုင်ရန်နှင့် တိုက်ပွဲများကြောင့် ထိခိုက်နိုင်ခြေရှိသော ဒေသများကို ပိုမိုစောင့်ကြည့်နိုင်ရန်အတွက် မော်တော်ဆိုင်ကယ်များနှင့် အခြားယာဉ်များကို အသုံးပြုလျက်ရှိသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နယ်စပ်တစ်လျှောက် အခြေအနေများကို စောင့်ကြည့်ရန်၊ အချက်အလက်များ ကောက်ယူရန်နှင့် ၎င်းတို့၏ တပ်မှူးများထံ ပုံမှန် အခြေအနေတင်ပြချက်များ ပေးပို့ရန် ညွှန်ကြားခံထားရသည်။
မြန်မာနိုင်ငံဘက်မှ တိုက်ပွဲများ ကူးစက်လာမှုကြောင့် ဒေသခံများ၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည့် မဟာဝမ်ဒေသခွဲရှိ ဘန်ဟွေမဟာဝေါင်၏ ဆန့်ကျင်ဘက် ဒေသများကို အဓိကထား၍ စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိသည်။
အများပြည်သူ၏ အသက်အိုးအိမ်လုံခြုံရေးကို ကာကွယ်ရန်၊ လုံခြုံရေးကို ထိန်းသိမ်းရန်နှင့် ထိုင်းနိုင်ငံ နယ်မြေအတွင်း သက်ရောက်သည့် အခြားသော ဖြစ်ရပ်များကို တုံ့ပြန်ရန်အတွက် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များသည် ၂၄ နာရီပတ်လုံး တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း နရဲစွမ်တပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref: The Nation Thailand
