၃၀.၁၀.၂၀၂၆
Translated by Htwe Ko Tun
ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ၏ အဝါမီလိဂ်ပါတီဝင် အမျိုးသားလေးဦးအား ဝန်ကြီးချုပ်ဟောင်း ရာထူးမှ ပြုတ်ကျစေခဲ့သည့် မငြိမ်မသက်မှုများ ဖြစ်ပွားစဉ်ကာလအတွင်း အနောက်ပိုင်း ကုရှ်တီယာခရိုင်၌ လူခြောက်ဦးကို သတ်ဖြတ်ခဲ့မှုဖြင့် တရားရုံးက အောက်တိုဘာလ ၂၉ ရက်၌ ပြစ်မှုထင်ရှားစီရင်ချက်ချခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ခုက ၂၀၂၄ ခုနှစ် လူထုအုံကြွမှုအတွင်း လူခြောက်ဦး သတ်ဖြတ်ခံရမှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဆိုကာ ထိုစဉ်က အာဏာရပါတီဟောင်းမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို ၎င်း၏မျက်ကွယ်တွင် သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်ပြီး အခြားသော ပါတီခေါင်းဆောင် သုံးဦးကိုမူ တစ်သက်တစ်ကျွန်းထောင်ဒဏ် ချမှတ်ခဲ့သည်။
တရားသူကြီး သုံးဦးပါဝင်သော ခုံရုံးက သေဒဏ်ချမှတ်လိုက်သည့် ခေါင်းဆောင်မှာ ပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး မာဘူဘူလ် အလမ် ဟာနစ်ဖ်ဖြစ်ပြီး ၎င်းသည် ဟာစီနာ၏ တင်းကျပ်သော အုပ်ချုပ်ရေးကာလအတွင်း ဝန်ကြီးတစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
အစိုးရရှေ့နေချုပ် အမီနူးလ် အစ္စလာမ်က “ပြစ်မှုကျူးလွန်သူတွေအပေါ် စွပ်စွဲချက်တွေက သံသယဖြစ်စရာ မလိုလောက်အောင်ကို ထင်ရှားသက်သေပြနိုင်ခဲ့ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ၏ တစ်ဝက်ကို သိမ်းဆည်းပြီး လူထုအုံကြွမှုအတွင်း သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့သူများ၏ မိသားစုများအတွက် လျော်ကြေးအဖြစ် ခွဲဝေပေးရန်လည်း ခုံရုံးက အမိန့်ချမှတ်ခဲ့ကြောင်း အစ္စလာမ်က ပြောဆိုသည်။
အစိုးရက ခန့်အပ်ထားသည့် ရှေ့နေ မိုဟာမက် အမီယာ ဟော့စိန်ကမူ ဤစီရင်ချက်က လက်မခံနိုင်စရာပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟာစီနာ၏ အစိုးရက ကျောင်းသားဦးဆောင်သော လူထုအုံကြွမှုကို နှိမ်နင်းရန် ကြိုးပမ်းခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း လူပေါင်း ၁,၄၀၀ ခန့် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ဖော်ပြထားသည်။
ဟာစီနာ၏ ၁၅ နှစ်ကြာ အုပ်ချုပ်မှုသည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အဆုံးသတ်သွားခဲ့ပြီး ထိုအချိန်၌ သူမသည် ရဟတ်ယာဉ်ဖြင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့ကာ ယခုအချိန်အထိ ထိုနေရာတွင် ပုန်းအောင်းနေဆဲ ဖြစ်သည်။
သူမကိုလည်း ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ခုက ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မျက်ကွယ်၌ ကြိုးပေးသေဒဏ် ချမှတ်ခဲ့သည်။
အောက်တိုဘာလ ၂၉ ရက်က ချမှတ်လိုက်သည့် စီရင်ချက်များနှင့်အတူ ၂၀၂၄ ခုနှစ် လူထုအုံကြွမှုနှင့် ဆက်စပ်သော ပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၇၂ ဦး ရှိလာပြီ ဖြစ်သည်။
၎င်းတို့အနက် ၂၃ ဦးမှာ သေဒဏ်ချမှတ်ခံထားရသော်လည်း လေးဦးသာလျှင် လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
ဟာစီနာကမူ အဆိုပါတရားရုံး၏ တရားစီရင်ပိုင်ခွင့်အာဏာကို အသိအမှတ်ပြုရန် ငြင်းဆန်ထားသည်။ ဟာစီနာ ရာထူးမှ ဖယ်ရှားခံရပြီးနောက် ဖေဖော်ဝါရီလက ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော ဝန်ကြီးချုပ် တာရစ် ရာမန်၏အစိုးရက ဟာစီနာအား ၎င်းတို့အစိုးရထံ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားသည်။
အသက် ၇၈ နှစ်အရွယ် ဟာစီနာကမူ ၎င်းအနေဖြင့် သေဒဏ်ချမှတ်ခံထားရသော်လည်း ဒီဇင်ဘာလတွင် မိမိသဘောဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
Ref: AFP
