၃၀.၁၀.၂၀၂၆
Translated by Htwe Ko Tun
ဥရောပသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်နေသည့် အီတလီနိုင်ငံပိုင် ရဟတ်ယာဉ်တစ်စင်းမှာ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ မြောက်ပိုင်း၊ ဘရ်ချ်ကိုမြို့အနီးတွင် အောက်တိုဘာလ ၂၉ ရက် မွန်းလွဲပိုင်းက ပျက်ကျခဲ့ရာ လေယာဉ်အမှုထမ်း လေးဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ စီအိတ်ချ်-၄၇ ချီနွတ်ခ် အမျိုးအစား ရဟတ်ယာဉ်က အယ်လ်သီးယားစစ်ဆင်ရေး(Operation Althea) တွင် ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ဥရောပသမဂ္ဂ၏ EUFOR စစ်ဘက်ဆိုင်ရာ မစ်ရှင်အဖွဲ့ကလည်း ပျက်ကျခဲ့ကြောင်း အတည်ပြုပြောကြားသည်။ မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဟု သိရသည်။
ဘရ်ချ်ကိုမြို့ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၅ ဦးအနက် သုံးဦးမှာ ပျက်ကျမှုဖြစ်ပွားစဉ် သေဆုံးခဲ့ပြီး နောက်ထပ် တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ပြောကြားသည်။
“လူ ၁၂ ဦးကို ကျွန်တော်တို့ ဆေးရုံဆီ ခေါ်ဆောင်လာခဲ့ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ စတုတ္ထမြောက် လူတစ်ဦးဟာ ဆေးရုံမှာ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ထို့အပြင် EUFOR က ဤပျက်ကျမှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသလို၊ အရပ်ဘက် အခြေခံအဆောက်အအုံများ၊ ပိုင်ဆိုင်မှုများ သို့မဟုတ် ယာဉ်များလည်း ပျက်စီးဆုံးရှုံးမှု မရှိကြောင်း ထုတ်ပြန်ထားသည်။
ပျက်ကျမှုသည် မြို့တော်ဆာရာယေဗို၏ အရှေ့မြောက်ဘက် ၁၈၀ ကီလိုမီတာ (မိုင် ၁၁၀ ခန့်) အကွာရှိ ဂိုရီဆီ ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဟုလည်း သိရသည်။
“ဒီပျက်ကျမှုကြောင့် EUFOR ဝန်ထမ်းအချို့ ဝမ်းနည်းဖွယ်ရာ အသက်ဆုံးရှုံးခဲ့ရပြီး တခြားသူတွေလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်” ဟု EUFOR က နောက်ပိုင်းထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ဘော့စနီးယား ကာကွယ်ရေးဝန်ကြီးဌာနက “ဒဏ်ရာရဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေ အပါအဝင် ပိုမိုတိကျသော အချက်အလက်များကို စောင့်ဆိုင်းနေဆဲဖြစ်သည့်အတွက် နောက်ထပ် ထုတ်ပြန်ချက်များ ထုတ်ပြန်ရန် မဖြစ်နိုင်သေးပါ” ဟု ပြောကြားသည်။
EUFOR က ပြည်သူများအနေဖြင့် အတည်မပြုရသေးသော သတင်းအချက်အလက်များ သို့မဟုတ် မမှန်မကန် သတင်းများကို ဖြန့်ဝေခြင်း မပြုလုပ်ကြရန်နှင့် ဖြစ်ရပ်နှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေများကို သိရှိနိုင်ရန် တရားဝင် သတင်းရင်းမြစ်များကိုသာ အားထားကြရန် တိုက်တွန်းထားသည်။
ဘရ်ချ်ကို ခရိုင်မြို့တော်ဝန် ဆီနီဆာ မီလစ်က လူ သုံးဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း ပြောကြားသည်။
“အားလုံးကို ဘရ်ချ်ကိုမြို့ရှိ ဆေးရုံတစ်ရုံမှာ ကုသမှုပေးထားပါတယ်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကလည်း အသင့်အနေအထား ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။
ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသူများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များအပြင် မတော်တဆ ပျက်ကျရသည့် အကြောင်းရင်းတို့ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှု ပြီးစီးသည့်အခါ ထုတ်ပြန်ကြေညာဖွယ် ရှိသည်။
အင်အား ၁,၂၀၀ ခန့် ပါဝင်သော EUFOR မစ်ရှင်အဖွဲ့သည် ၂၀၀၄ ခုနှစ်တွင် NATO ထံမှ တာဝန်လွှဲပြောင်းရယူပြီးနောက် ဘော့စနီးယားနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ ၎င်းတို့သည် ၁၉၉၂-၉၅ စစ်ပွဲကို အဆုံးသတ်စေခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်ပါ စစ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ကြီးကြပ်ရန်နှင့် လုံခြုံရေး ထိန်းသိမ်းရာတွင် ကူညီပေးရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်အာဏာဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
Ref-Euro News
