သက်တံ့
၃၀. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မြန်မာအလုပ်သမားနှစ်ဦးသည် ၎င်းတို့၏ အလုပ်သမားလက်မှတ်တွင် လုပ်ငန်းအမျိုးအစားကို “လက်လုပ်လက်စား အလုပ်သမား” ဟု ဖော်ပြထားသော်လည်း လူကြိုက်များသော ထိုင်းလမ်းဘေးအစားအစာဖြစ်သည့် ဝက်သားကင် (မူပင်း) ကို ကင်ပြီးရောင်းချနေသည်ကို လူဝင်မှုကြီးကြပ်ရေး အရာရှိများက စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။
လူဝင်မှုကြီးကြပ်ရေး အရာရှိများနှင့် ချင်းမိုင် အလုပ်အကိုင်ဆိုင်ရာ တာဝန်ရှိသူတို့သည် အောက်တိုဘာလ ၂၉ ရက်နေ့က မူယောင်းခရိုင်၊ ဝပ်ကက်ခရိုင်ခွဲရှိ သွန်းဟိုတယ်လမ်း (Thung Hotel Road) တစ်လျှောက်ရှိ ဆိုင်များကို ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အလုပ်သမားနှစ်ဦးသည် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ကြပြီး ထိုင်းအလုပ်ရှင်များက စပွန်ဆာပေးထားသော အလုပ်သမားလက်မှတ်များကို ကိုင်ဆောင်ထားကြသူများဖြစ်ကာ ၎င်းတို့၏ လုပ်ပိုင်ခွင့်ရှိသော အလုပ်အကိုင်မှာ “အလုပ်သမား” ဟု ဖော်ပြထားသည်။ သို့သော်လည်း အရာရှိများက ၎င်းတို့အား ဆိုင်အတွင်း၌ မူပင်း (ဝက်သားကင်) ကင်နေသည်ကို တွေ့ရှိခဲ့ရသည်။
အဆိုပါ အလုပ်သမားများသည် ဝက်သားကင်ရောင်းချမှုများကို ထိုနေရာတွင် ၄ လမှ ၅ လခန့် လုပ်ကိုင်ခဲ့ကြပြီး တစ်ရက်လျှင် ဘတ် ၃၀၀ ရရှိကြောင်း၊ ၎င်းတို့၏ အလုပ်ရှင်ကို ပြောင်းလဲခြင်း သို့မဟုတ် အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို အသစ်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များကို ပြီးစီးအောင် ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၎င်းတို့ကို သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ အလုပ်စတင်လုပ်ကိုင်ပြီး ၁၅ ရက်အတွင်း အလုပ်ရှင်၊ လုပ်ငန်းခွင်နှင့် လုပ်ငန်းတာဝန်များကို စာရင်းသွင်းအရာရှိထံ အကြောင်းမကြားခဲ့ခြင်းကြောင့် စွဲချက်တင်ထားပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် မယ်ပင်း ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
Ref: Khaosod
