MT News
၃၀. ၁၀. ၂၀၂၆
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီးနောက် ပြန်လည်ထွက်ခွာရန် နိုဝင်ဘာ ၁ ရက်မှ စတင်၍ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ယနေ့ ကြေညာသည်။
Passport for Job (PJ) နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများသည် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့်အညီ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Oversea Worker Identification Card-OWIC) ကိုင်ဆောင်ထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာသူ အလုပ်သမားများသည် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားသော အထောက်အထား၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အသိအမှတ်ပြု AD လိုင်စင်ရ ဘဏ်များနှင့် Remittance Business License (RBL) လိုင်စင်ရ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများမှတစ်ဆင့် ၂၅ ရာခိုင်နှုန်း မိသားစုလွှဲပို့ငွေ၊ ခွင့်ပြန်လာသောအချိန်နှင့်အနီးကပ်ဆုံး ၃ လစာ လွှဲပို့ထားသည့်အထောက်အထားများနှင့် သတ်မှတ်ထားသောအထောက်အထား အပြည့်အစုံဖြင့် ပြည်ပသို့ပြန်လည်ထွက်ခွာခွင့် တင်ပြလာပါက ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် OWIC ကတ် လုံးဝလျှောက်ထားရယူထားခဲ့ခြင်း မရှိသေးသော ခွင့်ပြန်သူများကိုလည်း OWIC ကတ် ပြုလုပ်ပေးခြင်း၊ OWIC ကတ် သက်တမ်းကုန်ဆုံးသူများ၊ OWIC ကတ် သက်တမ်း (၁)နှစ်အောက် ရှိသူများနှင့် အလုပ်ပြောင်းခြင်းကြောင့် ယခင်ပြုလုပ်ထားသည့် OWIC ကတ်တွင် ဖော်ပြထားသည့် သွားရောက်လုပ်ကိုင်မည့် နိုင်ငံ၊ ကုမ္ပဏီ/ အလုပ်ရှင် စသည့် အချက်အလက်များ ပြောင်းလဲရေးသွင်းရန် လိုအပ်ပါကလည်း OWIC ကတ်များ အသစ်လဲလှယ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ ပြည်ပနိုင်ငံများမှ ခွင့်ဖြင့်ပြန်လည်ရောက်ရှိလာသည့် ခွင့်ပြန်အလုပ်သမားများမှ ပြန်လည်ထွက်ခွာခွင့်နှင့်စပ်လျဉ်း၍ ယခင်က စာလမ်းကြောင်း (စာတိုက်၊ အမြန်ချောပို့၊ DHL) မှတစ်ဆင့် လျှောက်ထားမှုများကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရုံးအမှတ် (၅၁) နေပြည်တော်၌ စိစစ်ဆောင်ရွက်ပေးလျက်ရှိရာမှ ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ)၊ ပင်လုံခန်းမသို့ နေရာပြောင်းလဲဆောင်ရွက်ပေးသွားမည်ဖြစ်၍ လုပ်ငန်းစဉ်များ တင်ပြလျှောက်ထားလိုသူများသည် ၁-၁၁-၂၀၂၆ ရက်နေ့မှ စတင်၍ သတ်မှတ်စာရွက်စာတမ်း အပြည့်အစုံယူဆောင်ပြီး လူကိုယ်တိုင် သွားရောက်လျှောက်ထား နိုင်ပြီဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အသိပေး ကြေညာချက်တွင် ဖော်ပြထားသည်။
