၃၀.၁၀.၁၀၂၆
Written by Linn Eain
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာထရက်ဆာပရဲညိုလာဇာရိုအား အောက်တိုဘာ ၂၉ ရက်၊ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက မြန်မာနိုင်ငံအနေဖြင့် တာဝန်သိအဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံမူဘောင်အောက်တွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့် ပတ်သက်၍ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အလေးထားပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေး မူဘောင်အောက်တွင် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များ၊ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှုယန္တရားများ ပိုမိုခိုင်မာစေရေးနှင့် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး၊ အာဆီယံမူဘောင်အောက်တွင် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ထိန်းသိမ်းနိုင်မည့် နည်းလမ်းများ၊ မကြာမီကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံ နိုင်ငံခြားဝန်ကြီးများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရ၏ “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး”နှင့် “ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး”အတွက် ဦးစားပေးရည်မှန်းချက် နှစ်ရပ်ထားရှိကာ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများ၊ ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ၊ ပြည်ပမှ လက်ခံရရှိသည့် လူသားချင်းစာနာမှု အကူအညီများအပြင် အစိုးရအနေဖြင့် မိမိတို့၏ အရင်းအမြစ်များကို အသုံးပြု၍ ပြည်သူများအတွက် ကူညီပံ့ပိုးပေးနေမှုများ၊ ပြည်တွင်းရှိ ပြည်သူများနှင့် ပြည်ပရှိ မြန်မာနိုင်ငံသားများကို ကူညီစောင့်ရှောက်ပေးမှုများနှင့် ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်သည့် နောက်ဆုံးခရီးစဉ်အတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ အကူအညီ လိုအပ်သူများထံသို့ အကူအညီပေးအပ်ရေး လုပ်ငန်းစဉ်များကို လေ့လာကြည့်ရှုခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ယခုခရီးစဉ်အတွင်း လေ့လာသိရှိခဲ့ရမှုများကို မကြာမီကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြာခဲ့သည်။
သို့ဖြစ်ရာ အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများကို ပြန်လည်ဖော်ဆောင်နိုင်မည့် မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ရန်နှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများ ပိုမိုပေးအပ်နိုင်ရန်အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံမူဘောင်အောက်တွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဖိလစ်ပိုင်င် နိုင်ငံခြားရေးဝန်ကြိး မစ္စမာရီယာ ထရက်ဆာ ပရဲညိုလာဇာရိုသည် မန္တလေးငလျင်ကြီး ပြန်လည်ထူထောင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံအစိုးရက AHA Centre မှ တစ်ဆင့် အသင့်တပ်ဆင်စာသင်ကျောင်းဆောင် (Prefabricated School) ကိုးဆောင်နှင့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော နေပြည်တော် ပျဉ်းမနားမြို့နယ် ကိုးခမ်းကြီးဘုန်းကြီးကျောင်း၌ အလျားပေ ၅၀၊ အနံ ပေ ၃၀ အကျယ်အဝန်းရှိ RC တစ်ထပ် သာသနိကအဆောက်အအုံတစ်လုံးလှူဒါန်းမှုများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
