၂၉.၁၀.၂၀၂၆
Written By Thandar
Taurus V Production မှ စီစဉ်ရိုက်ကူးပြီး CANAL+ Myanmar ရဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေထဲက တစ်ခုဖြစ်တဲ့ ထိတ်လန့်ခြောက်ခြားဖွယ် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်လမ်းပုံစံ “အိပ်မက်ငိုတော” ဇာတ်လမ်းတွဲကို MRTV 4 ရုပ်သံလိုင်းမှာ ပြန်လည်ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။
“ကျွန်တော်က အိပ်မက်ငိုတောမှာ ဘုန်းမြတ် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ်က တစ်ကိုယ်ကောင်းဆန်တဲ့သူပေါ့။ သူ့ရဲ့ ရည်မှန်းချက်တွေအောင်မြင်ဖို့ဆိုရင် အကုန်လုံးကို စွန့်စားမယ့်သဘောရှိသူပေါ့။ ဒါကြောင့် တခြားသူအမြင်မှာ တစ်ကိုယ်ကောင်းဆန်တယ်၊ အတ္တကြီးတယ်ဆိုပေမယ့် ကိုယ့်အချင်းချင်းအပေါ်ချစ်တယ်ဆိုလည်း ထုတ်မပြတတ်ဘူး။ အထင်အမြင်လွဲတာလည်း ခံရတယ်။ တကယ်ဖြစ်လာရင် ပြန်တောင်းပန်တတ်တယ်ပေါ့။ ဒီဇာတ်ကားက ဥရောပနိုင်ငံတွေမှာ ပြသခွင့်ရခဲ့ကားမို့ ပရိသတ်တွေအားပေးကြဖို့ မျှော်လင့်ပါတယ်”လို့ သရုပ်ဆောင် အောင်မင်းခန့်က ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကတော့ ဗီယက်နမ်နိုင်ငံရဲရုပ်သံလိုင်း K+ နဲ့ M7 Group ရဲ့ ဥရောပနိုင်ငံတွေဖြစ်တဲ့ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယား၊ သြစတြီးယား၊ ဟန်ဂေရီနဲ့ ရိုမေးနီးယားတို့မှာ ပြသခွင့်ရသွားပြီဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဇာတ်ကားကို ဇာတ်လမ်း Sammy Linn နဲ့ ရွှေယံ၊ D.O.P ဇော်မင်းလွင်၊ ဇာတ်ညွှန်း ဒီဒီထက်အောင်၊ လက်ထောက်ဒါရိုက်တာ Sammy Linn၊ ဒါရိုက်တာ ကောင်းဇံက ထိတ်လန့်ခြောက်ခြားဖွယ်သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်လမ်းအဖြစ် ပုံဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အောင်မင်းခန့်၊ သျှင်းမြတ်၊ ရှိန်းတင်ထူး၊ အကယ်ဒမီ ရတနာဗိုလ်၊ နော်ဖောအယ်ထား၊ ထွဋ်မြတ်ရွှေရည်၊ Francis Leo၊ သက်ဦးကို၊ မင်းခန့်ကို၊ မင်းခန့်ညီ၊ စိုင်းကောင်းမင်းထက်၊ စိုးစံ၊ ထူးသာ၊ မင်းသူ၊ ရဲမွန်၊ ဘုန်းလျှံ၊ ဦးဘဂျမ်း၊ ဦးဘုန်းမြင့်အောင်၊ တင်ဇာဝင်းပြည့်၊ သာသာ၊ သိင်္ဂီ၊ နေသစ်ခန့်၊ စုပိုင်နှင့်အဖွဲ့၊ ဦးမင်းသားနှင့်အဖွဲ့၊ နွယ်နွယ်ထွန်းနှင့်အဖွဲ့ စတဲ့အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
“အိပ်မက်ငိုတော”ဇာတ်လမ်းတွဲကို အောက်တိုဘာ ၂၈ ရက်ကစတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၇ နာရီအချိန်တိုင်း MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။
#အောင်မင်းခန့် #သျှင်းမြတ် #ရှိန်းတင်ထူး #အကယ်ဒမီရတနာဗိုလ် #နော်ဖောအယ်ထား #ထွဋ်မြတ်ရွှေရည် #FrancisLeo #သက်ဦးကို #မင်းခန့်ကို #အိပ်မက်ငိုတော #MRTV4 #CANAL+Application #MTEntertainment









